Written by တင်ယုနွယ်
သက်ကြီးမိဘအိမ်ကို သားသမီးတွေက တစ်ပတ်တစ်ခါပြန်ပြီး တွေ့ရမယ်။ မတွေ့ရင် အရေးယူခံရမယ်ဆိုပြီး ဥပဒေတစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။
ဒီဥပဒေ ထုတ်ပြန်လိုက်ရတာကတော့ သက်ကြီးမိဘတွေကို သားသမီးတွေက
အိမ်မှာပစ်ထားပြီး လာရောက် တွေ့ဆုံမှု မရှိတာတွေ ပိုမိုများပြား လာတဲ့အတွက်
အစိုးရက ဥပဒေထုတ်ပြီး လာရောက်တွေ့ဆုံဖို့ စီစဉ်ရပါတော့တယ်။ ဒီဥပဒေ
ထုတ်ပြန်လိုက်တဲ့ နိုင်ငံကတော့ အိမ်နီးချင်း နိုင်ငံဖြစ်တဲ့
တရုတ်နိုင်ငံမှာပါ။ ဒီလိုမျိုး ဥပဒေထုတ်ရတာ ဘာကြောင့်ပါလဲ။ ဥပဒေထုတ်ပြီး
ဆောင်ရွက်နေရပြီ ဆိုရင်တော့ အခြေအနေ ဆိုးရွားလို့ ထုတ်တယ်လို့
ဆိုနိုင်ပါတယ်။
ဒါဟာ ပြောင်းလဲလာတဲ့ လူနေမှု ပုံစံတွေနဲ့ရေကြည်ရာ မြက်နုရာကို ရှာဖွေလာရမှု
တွေကြောင့်က အစပြုလို့ နေပါတယ်။ အရင်ကတော့ သက်ကြီး ဘိုးဘွားတွေကို မိမိတို့
နေအိမ်မှာ တခမ်းတနား၊ တလေးတစား ထားရှိပြီး ပြုစုစောင့်ရှောက်ဖို့
အချိန်နဲ့ စားဝတ်နေရေးအတွက် ပူပင်မှုမရှိဘဲ နေနိုင်ခဲ့ကြပါတယ်။ အရင်လို
အိမ်ထောင်ဦးစီး တစ်ဦးတည်း ရှာဖွေမှုနဲ့ မလုံလောက်တဲ့အခါ အခုအခါ မိသားစုရှိ
အရွယ်ရောက်သူတွေ လူကုန်အိမ်ပြင်ထွက် အလုပ်လုပ် ကြလာရပါပြီ။
ဒါ့အပြင် ခံယူချက်တွေကလည်း အရင်လို မဟုတ်တော့ဘဲ ကွာလာပါတယ်။ အရင်က
သက်ကြီးစကားကို မြေ၀ယ်မကျ နာခံကြရပြီး အခုအခါမှာတော့ နည်းပညာ အကူအညီတွေ
ရှိလာတာကြောင့် သက်ကြီးတွေရဲ့ အတွေ့အကြုံ၊ ဗဟုသုတတွေကို မှီခိုလိုစိတ်
မရှိကြတော့ဘဲ မိမိတို့ဘာသာ ရပ်တည်နေနိုင်မှုတွေ ရှိလာပါတယ်။ ဒီအခါ
သက်ကြီးတွေကို ဂရုမပြုနိုင်သလို လျစ်လျူရှု အရာမထင်သလို တွေနဲ့
ဆက်ဆံလာကြပါတယ်။ ဒါကြောင့် နေအိမ်တွေမှာ ဘိုးဘွားတွေဟာ အချင်းချင်း
အမှီသဟဲပြု နေထိုင်ကြရသလို တစ်ဦးတည်း ကျန်ရစ်ပြီး နေထိုင်ကြရမှုတွေလည်း
ရှိပါတယ်။
အရင်ကလို မြန်မာ့ဓလေ့မှာ ဒေါင်းလန်းကြီးလို့ခေါ်တဲ့ စကောဝိုင်း အကြီးထဲမှာ
ဘိုးဘွား၊ မိဘနဲ့ သားသမီး မိသားစု စုံစုံလင်လင် ၀ိုင်းဖွဲ့စားသောက်ပြီး
နွေးနွေးထွေးထွေး ရယ်မောပျော်ရွှင် ထမင်းမစား နိုင်တော့ပါဘူး။
အလုပ်လုပ်နေတဲ့ သူကလည်း အလုပ်မှာ၊ ကျောင်းပြီးကျူရှင် ပြေးတက်နေရတဲ့
ကျောင်းသားတွေကလည်း ကျောင်းနဲ့ ကျူရှင်တွေမှာပဲ ထမင်းစားချိန်ကို
ကုန်ဆုံးကြရပါတယ်။ အလုပ်လုပ်ရတဲ့ နေရာ၊ ကျူရှင်တွေ၊ ကျောင်းတွေ၊
သင်တန်းတွေဟာ မိမိတို့ရဲ့ ဒုတိယအိမ် ဖြစ်လာပါတယ်။ ဒီအခါ ကျန်ရစ်ခဲ့တဲ့
သက်ကြီးဘိုးဘွားတွေဟာ ကိုယ့်ဝေယျာဝစ္စ ကိုယ်လုပ်ပြီး အထီးကျန်စွာ ကျန်ရှိတဲ့
ဘ၀တွေကို ဖြတ်သန်းနေရပါပြီ။
စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှု အဖွဲ့အစည်း Organization
for Economic Co-operation and Development (OECD) ရဲ့ ထုတ်ပြန်မှုအရ
အသက်အရွယ် အုပ်စုလိုက် အချိုးအစားမှာ မြန်မာနိုင်ငံဟာ အခြားအိမ်နီးချင်း
နိုင်ငံတွေထက် သက်ကြီးရွယ်အိုအုပ်စု ပိုမိုကြီးထွားလာနေတယ်လို့
ထုတ်ပြန်ထားပါတယ်။ လူဦးရေ ၅၉ သန်းရှိတဲ့ မြန်မာနိုင်ငံဟာ အသက်အရွယ်
အုပ်စုအလိုက် လူဦးရေ အချိုးအစား ဖွဲ့စည်းပုံမှာ ၂၀၀၀ ပြည့်လွန်နှစ်တွေ
အတွင်းမှာ တရုတ်ရဲ့ ဖွဲ့စည်းပုံနဲ့ ဆင်တူနေတယ်လို့လည်း ဆိုထားပါတယ်။
နောက်နှစ်ပေါင်း (၂၀)အတွင်း မြန်မာနိုင်ငံရဲ့ လူငယ်အုပ်စုဟာ
စတင်အိုမင်းလာမှာ ဖြစ်တယ်လို့လည်း ထောက်ပြထားပါတယ်။
စစ်တမ်းအချို့ရဲ့ ခန့်မှန်းမှုတွေမှာလည်း မြန်မာ့လူဦးရေမှာ သက်ကြီးရွယ်အို
ပါဝင်နှုန်းဟာ ၂၀၁၅ ခုနှစ်မှာ ၁၀ ရာခိုင်နှုန်း ဖြစ်လာမယ်လို့
ခန့်မှန်းထားပါတယ်။ ဒါဆို လက်ရှိမြန်မာနိုင်ငံ လူဦးရေ သန်း ၆၀ ခန့်မှာ ၁၀
ရာခိုင်နှုန်း ရှိလာမယ်ဆိုရင် နောက်နှစ်နှစ်မှာ သက်ကြီးရွယ်အို ပါဝင်နှုန်း
ခြောက်သန်းရှိလာမှာ ဖြစ်ပါတယ်။
တကယ်တော့ ဘိုးဘွားတွေဟာ အသက်အရွယ် ကြီးလာပြီ ဆိုတာကြောင့်
ရုပ်ပိုင်းဆိုင်ရာမှာတော့ သိသိသာသာ ပြောင်းလဲလာပါပြီ။ ခန္ဓာကိုယ်ရှိ အရိုး၊
အကြော စတာတွေမှာ လူငယ်တွေလို မဟုတ်တော့တာကြောင့် သွား၊ လာမှုတွေ
မမြန်ဆန်နိုင်တော့ပါ။ ဒီအတိုင်းပဲ စိတ်ပိုင်းဆိုင်ရာလည်း အနည်းနဲ့အများ
ဝမ်းနည်းမှု၊ အားငယ်မှုတွေ ရှိလာပါပြီ။ ဒီအချိန်မှာ ၀ိုင်းဝန်းဂရုစိုက်
ဖေးမစောင့်ရှောက်သူ မရှိတဲ့အခါ အထီးကျန်ဆန်ဆန် နေရပါတယ်။ အသက်အရွယ်
ကြီးလာတဲ့ ဘိုးဘွားတွေဟာ မွေးကင်းစ ကလေးတွေ စောင့်ရှောက်သလို
ထမင်းစားချိန်၊ ရေချိုးချိန်၊ စကားပြောပေးချိန်၊ မိသားစုရဲ့
နွေးထွေးမှုတွေနဲ့ ဆက်ဆံမှုကို လိုလားပါတယ်။ ဒါပေမဲ့ တစ်အိမ်တည်း အတူရှိနေတဲ့
မိသားစုတွေဟာ အကြောင်း အမျိုးမျိုးနဲ့ အပြင်တွေထွက်ပြီး လှုပ်ရှားရုန်းကန်
နေကြရချိန်မှာ ဘိုးဘွားတွေလည်း မတတ်သာဘဲ အဖော်မရှိ နေကြရပါတယ်။
အဆင်သင့်တုန်း အိမ်နီးနားရှိ အဘွားတစ်ဦးအကြောင်း ပြောပြလိုပါတယ်။
အဲဒီအဘွားရဲ့ သားသမီးတွေနဲ့ မြေးတွေဟာ ဘ၀တိုးတက်ဖို့ဆိုပြီး
ပြည်ပနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင် နေထိုင်ဖို့ ထွက်သွား ကြပါတယ်။
အသက် ၆၀ ကျော်ပြီဖြစ်တဲ့ အဘွားကိုတော့ အကြောင်းကြောင်းကြောင့်
ရန်ကုန်မြို့လယ်ခေါင်မှာရှိတဲ့ တိုက်ခန်းထဲမှာ အဖော်မရှိဘဲ တစ်ယောက်တည်း
အထီးကျန်စွာ ထားခဲ့ပါတယ်။ လစဉ်ငွေကြေး ထောက်ပံ့ပါတယ်။ အကောင်းစားဆေးတွေ
ဝယ်ပို့ပါတယ်။ ဒါပေမဲ့ အဘွားအိုဟာ အိမ်မှာစကားပြောဖော်၊ ပြုစုပေးဖော်
မရှိဘဲ တစ်ဦးတည်း နေထိုင်ရတဲ့အတွက် ၀မ်းနည်းမှုတွေ ဖြစ်လာပါတယ်။ တစ်ချိန်က
သားသမီးတွေရဲ့ ပျော်ရွှင်လှုပ်ရှားဟန်၊ ဆည်းလည်းသံလေးတွေကို ကြားချင်ရက်နဲ့
မကြားမိအောင် ချုပ်တည်းနေထိုင် ခဲ့ရတယ်။
နောက်တော့ ရပ်ကွက်ထဲမှာရှိတဲ့ အိမ်အချို့အတွက် မီတာခဆောင်၊
ရေခွန်ဆောင်ပေးပြီး တောက်တိုမယ်ရ လိုက်လံဝယ်ခြမ်း ပေးပါတယ်။ သူအပြင်
ထွက်မယ်ဆို အိမ်နီးနားချင်း အားလုံးကို လိုက်မေးပြီး ဘာလုပ်ပေးရမလဲ၊
ဘာလုပ်စရာတွေရှိလဲ မေးပြီးမှ အပြင်ထွက်ပါတယ်။ လမ်းထဲမှာ ရှိတဲ့သူတွေက
အဘွားစားချင်တာ လုပ်ချင်တာတွေအတွက် တတ်နိုင်သလောက် ထောက်ပံ့ပါတယ်။ ဒါပေမဲ့
အဘွားက သူ့အတွက် ဒါတွေမလိုပါဘူးတဲ့။ သူလိုတာကဆိုပြီး ဘာမှဆက်မပြောဘဲ
မျက်ရည်ဝိုင်းသွားပါတယ်။
တစ်နေ့ အဲဒီအဘွား နေထိုင်မကောင်း အတော်ဖြစ်ပြီး အိပ်ရာထဲ လဲပါတယ်။
သားသမီးတွေကတော့ ပြည်ပနိုင်ငံတွေကပဲ ငွေကြေးလှမ်းထောက်ပံ့ပြီး
ဆွေမျိုးနီးစပ် အချို့က လာရောက်ပြုစုပါတယ်။ ဒါပေမဲ့ ရောဂါက
နာတာရှည်ဖြစ်ပြီး လာရောက်ပြုစု သူတွေကလည်း အချိန်ပြည့် မပြုစုတာကြောင့်
သက်သာမှုမရှိဘဲ ဆုံးသွားခဲ့ပါတယ်။ အိပ်ရာထဲမှာပဲ လှဲနေရတာကြောင့်
ကျောမှာအနာတွေ ပေါက်တာကိုလည်း ဆုံးတဲ့အချိန်ကျမှ သိကြရပါတယ်။
နောက်ဆုံးအချိန်မှာ မိသားစုရင်းချာကင်းမဲ့ ငိုကြွေးသံ တိတ်ဆိတ်စွာနဲ့
တစိမ်းတွေရဲ့ အလယ်က ထွက်ခွာသွားခဲ့ ရပါတယ်။ အဘွားရဲ့ နာရေးကို အဝေးရောက်
မိသားစု အနည်းငယ်သာ ရောက်လာကြပါတယ်။ ဒီလိုနဲ့ အဘွားဟာသူရဲ့ တတိယအရွယ်မှာ
ပြုစုပေးမယ့် သူမရှိဘဲ အထီးကျန် ဖြတ်သန်းကာ ဘ၀ပြီးဆုံး သွားခဲ့ပါတယ်။
အကြောင်း အမျိုးမျိုးကြောင့် ပြည်ပနိုင်ငံမှာ သွားရောက်နေထိုင်ရမှု၊
ပြည်တွင်းရှိ တစ်နေရာကနေ တစ်နေရာကို ရွှေ့ပြောင်းလုပ်ကိုင် ရတာကြောင့်
အခုလိုသက်ကြီး အဘွားတွေထဲမှာ တစ်ဦးတည်းကျန်ပြီး နေရတာ ဘယ်နှယောက်
ရှိနေပါပြီလဲ။ ဘိုးဘွားရိပ်သာကို ရောက်ရှိခြင်း မရှိသလို
ပြုစုစောင့်ရှောက်မှု မခံရဘဲ တစ်ဦးတည်း နေထိုင်ဖြတ်သန်းနေရတဲ့ တတိယအရွယ်
သက်ကြီး ဘိုးဘွားတွေဟာ ပိုမိုများပြား လာနေပါတယ်။ ဒါကြောင့်
မြန်မာ့လူနေမှုမှာ သက်ကြီးဘိုးဘွားတွေ အသက်ရှည်စွာ နေထိုင်မှုတွေ ရှိနေတာ
ကောင်းမွန်ပေမယ့် တစ်ဖက်မှာတော့ ဘိုးဘွားတွေရဲ့ လူမှုရေး၊ စီးပွားရေးဆိုင်ရာ
အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ နည်းလမ်းတွေ ပြင်ဆင်ထားဖို့
လိုအပ်လာပြီ ဖြစ်ပါတယ်။
လက်ရှိမှာတော့ လူငယ်၊ လူရွယ်အချို့ စုပေါင်းပြီး ခိုကိုးရာမဲ့
သက်ကြီးဘိုးဘွားတွေကို အိမ်တိုင်ရာရောက် သွားရောက်စောင့်ရှောက် ပေးမှုတွေကို
တစ်နိုင်တစ်ပိုင် ပြုလုပ်လာတယ်လို့တော့ သိရပါတယ်။ ဒါပေမဲ့ သက်ကြီးဘိုးဘွား
လူဦးရေ ရာခိုင်နှုန်းနဲ့ နှိုင်းယှဉ်ရင် ၀န်နဲ့အားမမျှတဲ့ အနေအထားပါ။
ပြည်ပနိုင်ငံ အချို့မှာတော့ အစိုးရက ဘတ်ဂျက်ချပေးပြီး သက်ကြီးရွယ်အို
အချင်းချင်း စကားပြော၊ ဆွေးနွေး၊ နားခိုနေနိုင်တဲ့ Day Care Center တွေ
ဖွင့်လှစ်ပြီး စောင့်ရှောက်မှုတွေ ပြုလုပ်ကြတယ်လို့ သိရပါတယ်။ Day Care
Center ဖြစ်တာကြောင့် နံနက်သွား၊ ညပြန်ကာ သက်တူရွယ်တူ အချင်းချင်း
ဝါသနာပါရာ စုပေါင်းလှုပ်ရှား ကြမှုဟာ ကျန်ရှိတဲ့သူတို့ရဲ့ တစ်နေ့တာ အချိန်ကို
အထီးကျန်မှု နည်းပါးစွာနဲ့ ဖြတ်သန်းခွင့်ရကြမှာ ဖြစ်ပါတယ်။ ဒါပေမဲ့
မိသားစုရဲ့ နွေးထွေးမှုနဲ့တော့ တူညီမှာ မဟုတ်ပါဘူး။
မြန်မာနိုင်ငံမှာတော့ ဒီလိုစင်တာမျိုးကို သက်ကြီး ဆရာဝန်များ အဖွဲ့က
တည်ထောင်ထားတဲ့ Day Care Center ဖွင့်ထားတာကိုသာ ကြားဖူးပါတယ်။
ဒီလိုစင်တာတွေ များစွာထွက်ပေါ် လာဖို့လည်း မျှော်လင့်ပါတယ်။ တကယ်တော့
သူတို့တွေဟာ မိသားစုအတွက်၊ တိုင်းပြည်အတွက် တစ်ထောင့် တစ်နေရာက
တာဝန်ယူခဲ့သူတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဒုတိယအရွယ် လူငယ်တွေနဲ့
တတ်နိုင်သူတွေက သက်ကြီး ဘိုးဘွားတွေရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းတွေအတွက်
ကြိုတင်စီမံမှုတွေ ပူးပေါင်း ပြုလုပ်ပေးဖို့ တိုက်တွန်းချင်ပါတယ်။ မြန်မာ့
လူအဖွဲ့အစည်းအတွင်း အထီးကျန်၊ အဖော်မဲ့နေရတဲ့ တတိယ အရွယ်တွေရဲ့
ရှင်သန်မှုမှာ သိုက်သိုက်ဝန်းဝန်း နွေးနွေးထွေးထွေး
နေထိုင်ဖြတ်သန်းနိုင်ဖို့ ဆန္ဒပြုရင်း။