Friday, September 13, 2013

မန်စီတွင် အစိုးရတပ်နှင့် ကေအိုင်အိုတိုက်ပွဲဖြစ်ပွားဟု ဒေသခံတချို့ဆို

,


ကချင်ပြည် မန်စီမြို့နယ်အတွင်း အစိုးရစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂ မှ တပ်ဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားနေကြောင်း KIO ၏ ဒုက္ခသည်များ ကူညီရေး ကော်မတီ တာဝန်ခံလည်းဖြစ်၊ အရပ်ဖက် အရာရှိလည်းဖြစ်သည့် ဦးဒွဲပီဆားကပြောသည်။

“မနေ့ကလည်း မုန်းခေါင်နဲ့ နမ်လင်းပါကြားမှာ တိုက်ပွဲဖြစ်တယ်။ ဒီနေ့လည်း အဲဒီတိုက်ပွဲကို စစ်ကူလာနေတဲ့ အစိုးရစစ်ကြောင်းကို တိုက်ပွဲပြန်ဖြစ်တယ်။ ဘယ်အချိန်ထိဖြစ်တယ်ဆိုတာ သတင်းမရသေးဘူး” ဟု သူကဆိုသည်။

မန်စီမြို့မှ ၁၆ မိုင်အကွာအဝေးရှိ မုန်းဒိန်ပါကျေးရွာ အထက် ဇော်ဂန်းဘွန်းတောင်တွင် တိုက်ပွဲဖြစ်ပွားကြခြင်းဖြစ်ပြီး စက်တင်ဘာ ၁၁ ရက် နံနက်ကတည်းက အထိ တိုက်ပွဲဆက်ဖြစ်နေသေးသည်ဟု မုန်းဒိန်ပါရွာသားတစ်ဦး ကပြောသည်။

“မနေ့က ၈ နာရီလောက်မှာ သူတို့အစိုးရတပ်က မဂျီကုန်ကဂျီက ဆင်းလာတယ်။ KIA တပ်ဘက်ကလည်း သူတို့ ဆင်းလာတာတွေ့တော့ ၀ိုင်းထားတာ ၁၀ နာရီ ၁၁ နာရီကနေ တိုက်ပွဲဖြစ်တာ ရပ်လိုက်၊ ပြန်တိုက်လိုက်နဲ့ မနေ့က ညနေ ၅ နာရီလောက်မှ တိုက်ပွဲငြိမ်သွားတယ်။ ဒီမနက်လည်း ၆ နာရီကနေ ပြန်ဖြစ်နေတာ ၁၀ နာရီလောက်မှာ ပြန်ငြိမ်သွားတယ်” ဟု ထိုဒေသခံက မဇ္ဈိမကို ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့် အနီးဆုံးနေရာတွင် ကောင်ဂျာကျေးရွာရှိပြီး ထိုတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်သူများ မရှိသေးကြောင်း ၎င်းကဆက်ပြောသည်။

ထို့ပြင် မံစီမြို့နယ် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်) မှ စည်းရုံးရေး ဥက္ကဋ္ဌ ဦးတင်အောင် က KIA တပ်ရင်း ၁၂၊ ၂၇ တို့ အခြေချထားသော မုန်းခေါင်ကျေးရွာ အနီးတွင် တိုက်ပွဲ ဖြစ်ပွားသည်ဟု သိရသော်လည်း အသေးစိတ်ကို စုံစမ်းနေဆဲဟုပြောသည်။

“ကျွန်တော်တို့ ယူဆရတာတော့ သစ်တွေလိုက်ဖမ်းနေတဲ့ ကိစ္စထင်တယ်။ တိုက်ပွဲရယ်လို့ မဟုတ်ဘူးထင်တယ်။ တိုက်ပွဲကြီးလို့ ဟုတ်မယ် မထင်ဘူး။ ဒီဘက်မှာ သစ်လုပ်နေတာတွေရှိတယ်။ ရင်ဆိုင်မိလို့ ခဏလေး ပစ်ကြတာနဲ့ တူတယ်။ ဒါက ခန့်မှန်းရတာနော်” ဟု သူကမဇိ္ဈမကိုပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ အကြံပေး ဦးအောင်နိုင်ဦးထံ ဆက်သွက်မေးမြန်းရာ ၎င်းတို့အနေဖြင့် မသိရှိသေးကြောင်း ဖြေကြားသည်။

ထို့ပြင် မန်စီဘက်က ဒေသခံ တစ်ချို့ ကလည်း
 
“စစ်ကားကြီးတွေ အစီး ၂၅ စီးလောက် အပြင်းမောင်းသွားတာတွေ့တယ်။ ပြီးတော့ လက်နက်ကြီးတွေလား ဘာတွေလားတော့မသိဘူး တာလဘက်တွေ အုပ်ထားတဲ့ကားတွေလဲ ပါတယ်။”ဟု ပြောကြားသည်။

ဒီကိစ္စဟာ ကေအိုင်အေ ဌာနချုပ် လိုင်ဇာ ကို အစိုးရ တပ်တွေ  ၄၈ နာရီအတွင်း ထိုးစစ်ဆင်မည် ဆိုတဲ့သတင်း နောက်ဆက်တွဲ အဖြစ် ရရှိလာတဲ့ တိုက်ပွဲ သတင်းတွေပဲဖြစ်ပါတယ်။


ဓာတ်ပုံ= orginal uploader

0 comments to “မန်စီတွင် အစိုးရတပ်နှင့် ကေအိုင်အိုတိုက်ပွဲဖြစ်ပွားဟု ဒေသခံတချို့ဆို”

Post a Comment