RFA News, 9September 2013 —– လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသမှာ မြေယာလျော်ကြေးကို သတ်မှတ်ထားတဲ့ရက်အတွင်း မယူကြဘူးဆိုရင် ကျန်ရှိတဲ့မြေယာလျော်ကြေးငွေတွေကို လက်ပံတောင်းတောင် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေအဖြစ် သတ်မှတ်သွားမယ်လို့ အစိုးရက ဒီနေ့ပြောလိုက်ပါတယ်။
ဒီနေ့ နေပြည်တော် နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာနရုံးခန်းမှာ လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး အစီအရင်ခံစာ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဌ သမ္မတရုံးဝန်ကြီး ဦးလှထွန်းကို RFA က တွေ့ဆုံမေးမြန်းရာမှာ ဝန်ကြီးက အခုလိုဖြေကြားခဲ့တာပါ။
“ဒီလိုထုတ်ယူဖို့အတွက်ကို ကျနော်တို့ အကြောင်းကြားတဲ့အတွက် တချို့လည်းဝမ်းသာအားရနဲ့ လာထုတ်ပါတယ်၊ တကယ်လို့ ထုတ်ယူဖို့ တမင်တကာပေါ့လေ မထုတ်ယူခဲ့ဘူးဆိုရင် ဒီစီမံကိန်းက လျော်ကြေးပေးတဲ့ဒီငွေတွေကို သီးခြားစာရင်းဖွင့်ထားပြီးတော့မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ဒါကိုသုံးစွဲသွားမှာဖြစ်ပါတယ်၊ ဒါကိုနိုင်ငံတော်ကလည်း ယူမှာမဟုတ်ပါဘူး”
အစိုးရအနေနဲ့ လျော်ကြေးကို ၂ဝ၁၁ ခုနှစ်က ပထမအကြိမ်အဖြစ် ကျပ်သိန်းပေါင်း ၄ သောင်းကျော် ပေးလျော်ခဲ့သလို စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အကြံပြုချက်နဲ့ ဒုတိယအကြိမ်အနေနဲ့ ဒီလ စက်တင်ဘာလ ၄ ရက်နေ့အထိ သိန်းပေါင်း ၃ သောင်းကျော် ပေးလျော်ခဲ့တဲ့အတွက် စုစုပေါင်း ကျပ်ငွေသိန်းပေါင်း ၇ သောင်းကျော် ပေးလျော်ပြီးသွားပြီလို့ ၀န်ကြီးကပြောပါတယ်။
ဒုတိယအကြိမ် မြေယာလျော်ကြေးပေးဖို့ လျာထားတဲ့ ငွေပမာဏက ကျပ်သိန်းပေါင်း ၆ သောင်း ၇ ထောင်ကျော်ဖြစ်ပြီး အဲဒီအထဲက ၄၆ ရာခိုင်နှုန်းကျော် လျော်ကြေးပေးပြီးပြီးလို့ သိရပါတယ်။ အဲဒီလျော်ကြေးငွေအားလုံးကို မြန်မာဝမ်ပေါင်ကုမ္ပဏီက ပေးလျော်ခဲ့တာလို့ သိရပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး သမ္မတရုံးဝန်ကြီး ဦးလှထွန်းကို RFA အဖွဲ့သား ကိုဝင်းနိုင်က နေပြည်တော် သမ္မတရုံးဝန်ကြီးဌာနရုံးခန်းမှာ သီးသန့်တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။