တေဇာဘုန်းမြင့်
“အဲဒီသတင်းမှန်ရင် မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းအတိုင်း ဘယ်ပါတီမဆို ပြိုကွဲကြတာပဲဆိုတာ မှန်သွား တာပေါ့။ ဖဆပလလည်း နှစ်ခြမ်းကွဲတယ်။ ကွန်မြူနစ်လည်း နှစ်ခြမ်းကွဲတာပဲ။ ဆိုရှယ်လစ်မှာလည်း ဆိုရှယ်နီဆိုပြီး ပေါ်လာတာရှိတယ်။ အဲဒါဆို ကြံ့ခိုင်ရေးက နှစ်ပိုင်းကွဲမယ့် သဘောရှိသွား တာပေါ့။ အစဉ်အလာအတိုင်း ဖြစ်သွားတယ်လို့ ဆိုရမှာပေါ့ဗျာ” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ က ပြောသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ဘာသာရေးနှင့်အမျိုးသားရေးကိုအြေ
“ဘယ်အလုပ်ကိုပဲလုပ်လုပ်၊ ဘာသာရေးတို့ လူမျိုးရေးတို့ကို ခုတုံးလုပ်ပြီး လုပ်တာ သမ္မတကြီး သမိုင်းမှာ မရှိပါဘူး။ ဘာသာရေးတို့ လူမျိုးရေးတို့ကို နိုင်ငံရေးအလို့ငှာ အသုံးချပြီး လုပ်တယ်ဆိုတာ သမ္မတကြီးရဲ့ မူဝါဒမဟုတ်ဘူး။ ပြည်သူကို အကျိုးရှိမယ့်ကိစ္စပဲ လုပ်မှာပါ” ဟု နိုင်ငံတော်သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောသည်။
မြန်မာ့နိုင်ငံရေး လေ့လာသူများကြား နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် နိုင်ငံရေးပါတီ ထူထောင်ရန် ပြင်ဆင်နေပြီး၊ ထိုပါတီသည် ဘာသာရေးနှင့် အမျိုးသားရေးကို အခြေခံမည်ဟူသော ပြောဆိုချက်များသည် စက်တင်ဘာလ ၉ ရက်၊ ၈ ရက်နေ့များတွင် ကျယ်ပြန့်စွာ ထွက်ပေါ် ခဲ့ကြကြောင်း လွှတ်တော် ကိုယ်စားလှယ်တချို့က ဆိုသည်။
“ထောင်မယ်ဆိုရင်တော့ ထောင်နိုင်တဲ့ အကြောင်းတရားတွေက ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကြားထဲမှာ ပေါ်နေတယ်ဗျ။ ဦးရွှေမန်းအုပ်စုရယ်၊ ဦးသိန်းစိန် အုပ်စုရယ် ဆိုတာ ရှိတာပေါ့ဗျ။ ဦးသိန်းစိန် အုပ်စုက အင်တာနက်ကို ကောင်းကောင်း အသုံးချနေတာ တွေ့ရတယ်။ တိုင်းပြည်အုပ်ချုပ်ရေးထက် ဒီအလုပ်ကို ပိုပြီးတော့တောင် လုပ်နေသေးတယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့် (လသာ) က ခန့်မှန်းသည်။
မြန်မာ့နိုင်ငံရေးသမိုင်းတွင် ပါတီများ အဆက်ဆက် နှစ်ခြမ်းကွဲခဲ့သည်မှာ မှန်ကန်သော်လည်း လက်ရှိ အစိုးရအနေဖြင့် ပါတီတည်ထောင်၍ ပြန်လည်ယှဉ်ပြိုင်ခြင်းများ မတွေ့ရသောကြောင့် ဦးသိန်းစိန် အနေဖြင့် ပါတီတည်ထောင်ဖြစ်ခဲ့ပါက ဦးဌေးဦးကိုသာ ဆက်ခံစေမည်ဟု ယူဆမိကြောင်း နိုင်ငံရေး လေ့လာသူ တချို့က သုံးသပ်ကြသည်။
“အခုအချိန်အထိ သမ္မတက သီးခြားပါတီထောင်ဖို့ အရိပ်အရောင်တောင် မတွေ့ပါဘူး။ ကြံ့ခိုင်ရေး ပါတီ ထဲမှာ သူ့လူကိုယ့်လူရှိရင်တော့ ရှိမှာပေါ့နော်။ တခြားပါတီထောင်ဖို့ ကိစ္စကတော့ လုံးဝ မပေါ်သေးပါဘူး” ဟု ဝါရင့် နိုင်ငံရေး သမား ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေ က သုံးသပ် ပြောကြား သည်။
နိုင်ငံတော်သမ္မတ ပါတီတည်ထောင်ပါက အံ့သြစရာဖြစ်မည်ဖြစ်ကြောင်း၊ လွှတ်တော်နှင့် သမ္မတ သဘောထား ကွဲလွဲမှုများကို အခြေခံ၍ ယခုကဲ့သို့ သတင်းထွက်လာခြင်းဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။
စက်တင်ဘာ ၁၅ ရက်ထုတ် The Messenger သတင်းစာမှ ကူးယူဖော်ပြသည်