Saturday, September 14, 2013

လာမည့်လ အနည်းငယ်သည် မြန်မာနိုင်ငံအတွက် အလွန်အရေးပါသောကာလ ဖြစ်လာလိမ့်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

,
 ds-sep14
ဟန်ဂေရီသမ္မတ Janos Ader နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား စက်တင်ဘာ ၁၃ ရက်က တွေ့ရစဉ် (Photo:AFP)

လာမည့်လ အနည်းငယ်သည် မြန်မာနိုင်ငံအတွက် အလွန်အရေးပါသောကာလ ဖြစ်လာလိမ့်မည်ဟု ဟန်ဂေရီနိုင်ငံသို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပ သုံးနိုင်ငံ ခရီးစဉ်၏ ဒုတိယနိုင်ငံအဖြစ် ဟန်ဂေရီနိုင်ငံသို့ စက်တင်ဘာ ၁၃ ရက်တွင် ရောက်ရှိခဲ့ပြီးနောက် ဟန်ဂေရီသမ္မတ Janos Ader နှင့် တွေ့ဆုံခဲ့ကာ တွေ့ဆုံမှုအပြီး မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲခန့် အချိန်တွင် သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာ၌ ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ 

"လာမယ့်လ အနည်းငယ်ဟာ မြန်မာနိုင်ငံအတွက် အလွန်အရေးပါတဲ့ကာလ ဖြစ်လာလိမ့်မယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
တကယ်လို့ အစိုးရကနေ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ လုပ်ဆောင်မှုတွေကို ထောက်ခံအားပေးခြင်း မရှိဘူးဆိုရင် အစိုးရဟာ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်ဖို့ကို စိတ်မ၀င်စားဘူးဆိုတာ ဖော်ပြနေတာပါပဲ . . . . .

ထိုပြောကြားချက်သည် မြန်မာနိုင်ငံ၏ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်က ဖွဲ့စည်းထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မရှင်က ယခုနှစ်မကုန်မီ ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းရန် ပြင်ဆင်နေသော အစီရင်ခံစာကို ရည်ညွှန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖွဲ့စည်းပုံ အခြေခံ ပြင်ဆင်ရန် တင်သွင်းမည့် အစီရင်ခံစာ၌ မည်သည့်အရာများ ပါဝင်မည် ဆိုခြင်းမှာ လက်ရှိအစိုးရ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ရာ၌ မည်မျှစစ်မှန်ကြောင်းကို ဖော်ပြမည်ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

"တကယ်လို့ အစိုးရကနေ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ လုပ်ဆောင်မှုတွေကို ထောက်ခံအားပေးခြင်း မရှိဘူးဆိုရင် အစိုးရဟာ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်ဖို့ကို စိတ်မ၀င်စားဘူးဆိုတာ ဖော်ပြနေတာပါပဲ" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှုတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးက အရေးပါကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ရွေးကောက်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်မှု မပြုခြင်းက ရွေးချယ်စရာ နည်းလမ်းတစ်ခု ဖြစ်၊ မဖြစ် မေးမြန်းရာတွင် ဒေါ်အောင်ဆန်းစုကြည်က "ကျွန်မတို့ အနေနဲ့ (ပြောင်းလဲမှုတွေကို) တတ်နိုင်သမျှ ကြိုဆိုဖို့ လိုပါတယ်" ဟု ပြန်လည်ဖြေကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၁၂ ရက်က ပိုလန်နိုင်ငံ၊ ၀ါဆောတက္ကသိုလ်၌ နိုင်ငံရေးနှင့် ပညာရေးခေါင်းစဉ်ဖြင့် ဟောပြောပို့ချချက်တစ်ခု ပြုလုပ်ခဲ့ပြီး ထိုပို့ချချက်တွင်လည်း မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဒီမိုကရေစီစံနှုန်း အားလုံးနှင့် ဆန့်ကျင်နေသည့်အတွက် မလွဲမသွေ ပြင်ဆင်ရန် လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

0 comments to “လာမည့်လ အနည်းငယ်သည် မြန်မာနိုင်ငံအတွက် အလွန်အရေးပါသောကာလ ဖြစ်လာလိမ့်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား”

Post a Comment