မြန်မာနိုင်ငံ ရွှေဘိုမြို့နယ် အတွင်းရှိ ဘီစီ နှစ်ရာစုမှ ကိုးရာစုအထိ ပျူလူမျိုး များနေထိုင်ခဲ့သော ဟန်လင်းမြို့တော်ကို ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှုအမွေ အနှစ်စာရင်း သွင်းနိုင်ရန် ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလ၌ UNESCO အဖွဲ့မှလာရောက် စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ရွှေဘိုမြို့ ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့် တိုက်ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ မြို့တော်ဟောင်းကို ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ် နိုင်ခဲ့ပါက ကမ္ဘာလှည့် ခရီးသွားများ၏ စိတ်ဝင်စားမှု အများဆုံး နေရာတစ်ခု ဖြစ်လာနိုင်ဖွယ် ရှိသည်။ မြန်မာနိုင်ငံ အနေဖြင့်လည်း ရှေးကျသော လူမျိုးများစွာ ပေါင်းစည်း နေထိုင်ခဲ့ကြမှုကို သာဓကအနေဖြင့် မြင်တွေ့ရမည် ဖြစ်သည်။ ယင်းဒေသအတွင်း၌ ခရီးသွားများ လေ့လာနိုင်မှု အဆင်ပြေရေးအတွက် ပြင်ဆင်ဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
''မြန်မာပြည်သူတွေ ထိန်းသိမ်း စောင့်ရှောက်ရမယ့် သမိုင်း အမွေအနှစ်တစ်ခုပါပဲ။ ကမ္ဘာက အသိအမှတ်ပြု လုပ်ဆောင်တာတွေကလည်း ပိုပြီးထင် သာမြင်သာရှိစေတယ်။ မြန်မာနိုင်ငံရဲ့ သမိုင်းကို မြင်တွေ့ခွင့်ရကြတာပေါ့'' ဟု၎င်းက ပြောကြားခဲ့သည်။
ယင်းမြို့ဟောင်းကို ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်စာရင်း တင်သွင်းနိုင်ရန် အတွက် ဟန်လင်းမြို့ဟောင်း အုတ်ကုန်း ၃၃ ကုန်း တူးဖော်ထားပြီး သတ်မှတ်စံချိန် မီအောင် ပြုပြင် ထားကြောင်း သိရသည်။ ထို့အပြင် အဆောက်အအုံ အကြွင်းအကျန်များကို ထိန်းသိမ်း ခြင်းနှင့် နယ်နိမိတ် ကျောက်တိုင်များ စိုက်ထူခြင်းများကို လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ရှေးဟောင်းပျူမြို့ သုံးမြို့ရှိသည်။ ယင်းတို့မှာ ဗိဿနိုးမြို့ဟောင်း၊ ဟန်လင်း မြို့ဟောင်းနှင့် လူသိများသော သရေခေတ္တရာမြို့တို့ ဖြစ်သည်။ ကမ္ဘာ့ အမွေအနှစ်အဖြစ် သတ်မှတ်ရန် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ UNESCOမှ သြဂုတ်လ အတွင်း လာရောက်စစ်ဆေး မှုများရှိခဲ့သည်။ ယင်းနောက်ဆက်လက်၍ ဟန်လင်းမြို့ဟောင်း ကို စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။