ရုံးပိတ်ရက်တစ်ခုမှာ မန်ချက်စတာမြို့ထဲကိုသွားဖို့ ဘတ်စ်ကားစောင့်နေပါတယ်။ မှတ်တိုင်မှာ ကားလာမယ့်အချိန်စာရင်းနဲ့ မြေပုံကပ်ထားပါတယ်။ ကားကြီးကလည်း အချိန်အတိအကျရောက်လာပါရော၊ လူတွေကလည်း တန်းစီပြီး တစ်ယောက်ချင်းတက်ကြပါတယ်။ ကားမောင်းသမားကို လက်မှတ်လေးတွေပြပြီး ၀င်သွားကြတာ စပယ်ယာလုံးဝမလိုပါဘူး။ မြန်မြန်တက်ကြပါလို့ ဆွဲတင်မယ့်လူလည်းမရှိ၊ နေရာရဖို့လည်း လုတက်စရာမလိုပါ။
ကားရှေ့ပိုင်းနေရာကျယ်တွေက ကလေးမိခင်တွေ၊ မသန်စွမ်းသူတွေနဲ့ အဘိုးအဘွားတွေအတွက်ပါ။ ဘယ်သူမှဝင်မထိုင်သလို ထိုင်နေရင်လည်း ထပေးဖို့ပြောစရာမလိုပါ။ ရန်ကုန်မှာတော့ သံဃာတော်များအတွက်သာလို့ စာရေးထားတဲ့နေရာမှာထိုင်နေပြီး ဖယ်မပေးတဲ့သူတွေ၊ ဈေးဗန်းနဲ့ ကိုယ်ဝန်အရင့်အမာနဲ့ တက်လာတဲ့အမျိုးသမီးကို မျက်နှာလွှဲပြီး ဆက်ထိုင်နေတတ်သူတွေကို ကားစီးတိုင်းတွေ့ရပါတယ်။ ကျွန်မတို့ မြန်မာလူမျိုးလောက် မေတ္တာ၊ ကရုဏာ၊ မုဒိတာအကြောင်း ပြောတတ်တဲ့လူမျိုးလည်း ရှိမယ်မထင်ပါဘူး။ ငါ ဆိုတာပါလာတော့ ဗြဟ္မစိုရ်တရားလည်း ပြေးရတာပါပဲ။
ကားဆရာက ခုံပြည့်လောက်ပြီဆိုရင် နောက်ထပ်တက်လာတဲ့ခရီးသည်ကို လက်မခံပါဘူး။ နောက်ကားတစ်စီးကို ၁၀ မိနစ်စောင့်ရုံပါပဲ။ ပန်းဆိုးတန်းမှတ်တိုင်မှာ လူမပြည့်မချင်းတင်လို့ ငါးပိသိပ်သလိုမွန်းလှတာမို့ လမ်းဆင်းလျှောက်ခဲ့ရတာ မှတ်မိပါသေးတယ်။ ပုံစံချထားတဲ့ စည်းကမ်းချင်းကွာတော့ သက်တောင့်သက်သာရှိပုံချင်းလည်း တော်တော်ကွာပါတယ်။
ကားကြီးစထွက်တော့လည်း ဖြည်းဖြည်းမှန်မှန်ပဲ။ ခရီးသည်တွေ အန္တရာယ်ကင်းဖို့အဓိကပါ။ သူတို့ဆီမှာ ဘတ်စ်ကားမောင်းသမားဖြစ်ဖို့ အရမ်းခက်ပါတယ်။ အဆင့်ဆင့်သော အရည်အချင်းစစ်ဆေးမှုတွေအောင်မြင်ပြီးမှ လုပ်ခွင့်ရကြတာပါ။ လခကျတော့လည်း ဆရာဝန်ထက်တောင် ပိုပါသေးတယ်။ ဓါတ်ဆီလည်း ခိုးရောင်းစရာ မလိုဘူးလေ။
သူတို့ရဲ့ လမ်းပေါ်ကစည်းကမ်းတွေကလည်း ကျွန်မအတွက်တော့ အဆန်းပါ။ မျဉ်းကျားမှာ ဖြတ်ကူးဖို့စောင့်နေတဲ့လူကို ပထမဦးစားပေးပါတယ်။ တစ်ယောက်တည်းရပ်နေသည်ဖြစ်စေ ကားအားလုံးတန်းစီရပ်ပေးပြီး ကူးခွင့်ပြုတယ်။ တောသူကျွန်မက ကြောင်ကြည့်နေမိလို့ မြန်မြန်ကူးလေလို့ လက်ပြတာရှက်ရှက်နဲ့ ခံရဖူးပါတယ်။ ကားလေးတွေကို ကားကြီးက ဦးစားပေးတယ်။ လမ်းလေးတွေကလည်း ခပ်ကျဉ်းကျဉ်းထဲမှာ သူ့လိုင်းနဲ့သူ မောင်းကြတယ်။ ဘယ်ကားမှ အတင်းလုပြီး ကျော်တက်တာမရှိ၊ သတ်မှတ်မိုင်နှုန်းနဲ့ မှန်မှန်ပဲ။ ဟွန်းတီးစရာလည်းမလို၊ အော်ဟစ်ဆဲဆိုစရာလည်းမရှိ၊ ရန်ကုန်မြို့ထဲမှာ သံဗုဒ္ဓေရွတ်ရင်း ကားစီးရတဲ့အရသာနဲ့တော့ တခြားစီပါပဲ။ ဘတ်စ်ကားပေမယ့် ကိုယ်ပိုင်ကားလို လွတ်လွတ်လပ်လပ် ငြိမ့်ငြိမ့်ညောင်းညောင်းဆိုတော့ ဘုရား၊ တရားလည်း မေ့နေတာပါ။
အရမ်းထူးဆန်းတာတွေလည်း ရှိပါသေးတယ်။ မီးပွိုင့်အားလုံး မီးလင်းနေပြီး ယာဉ်ထိန်းရဲလုံးဝမရှိပါ။ ပုန်းပြီးစောင့်ဖမ်းတာမျိုးလည်း လုံးဝမလုပ်ပါ။ ဘယ်သူမှ လမ်းကဖြတ်တားပြီး လိုင်စင်ပြခိုင်းတာမျိုးလည်း လုံးဝ လုံးဝ မရှိပါ။ လက်ဖက်ရည်ဖိုးဆိုတာကတော့ ဝေးပါလေရော။ ယာဉ်စည်းကမ်းကို လိုက်နာဖို့လိုပါသည်လို့ တီဗွီ၊ ရေဒီယိုက သီချင်းသံအကျယ်ကြီးလည်း တစ်ခါမှ မကြားဖူးပါ။ ယာဉ်တိုက်မှု ကင်းမဲ့ဇုန်လို့ စာရေးပြီး ကပ်ထားတာလည်း မတွေ့ရပါ။ အတွေးတစ်ခုတွေးမိပါတယ်။ လူတွေစည်းကမ်းရှိနေရင် ကိစ္စတော်တော်များများ ငြိမ်းသွားတယ်ဆိုတဲ့ အတွေးပါ။
မှတ်တိုင်ရောက်ခါနီးလို့ ဆင်းချင်ရင် ခေါင်းလောင်းခလုတ်နှိပ်လိုက်ရုံပါပဲ။ မှတ်တိုင်ပါတယ်လို့ လိပ်ခေါင်းထွက်အောင် အော်စရာမလိုပါ။ ကားဆရာက ညင်ညင်သာသာပဲ ရပ်ပေးပါတယ်။ မြန်မြန်ဆင်းလေလို့ တွန်းချမယ့်လူမရှိတာ တော်တော်စိတ်ချမ်းသာစရာပါ။ ခရီးသည်တွေကလည်း ကားဆရာကို ကျေးဇူးတင်ပါတယ်လို့ ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်ပြီး ဆင်းသွားကြပါတယ်။ ကျွန်မတစ်သက် ရန်ကုန်မှာ တစ်ခါမှ ကားဆရာကို ကျေးဇူးတင်ပါတယ်လို့ ပြောရကောင်းမှန်း မသိခဲ့ဖူးပါ။ ပြောဖို့လည်း အချိန်မရဖူးပါ။ တကယ်လို့များ ခရီးသည်တွေကသာ ကားဆရာကို ကျေးဇူးတင်ပါတယ်လို့ လေးလေးစားစားပြောမယ်ဆိုရင် ကားဆရာကလည်း ခရီးသည်တွေကို ထမင်းရှင်အနေနဲ့ ကျေးဇူးတုံ့ပြန်နိုင်မလားလို့ တွေးမိပြန်ပါတယ်။
အားလုံးသိတဲ့အတိုင်း ဗြိတိန်ဆိုတာ ဒီမိုကရေစီဘိုးအေနိုင်ငံများထဲမှ တစ်ခုပါ။ ဖွံ့ဖြိုးတိုးတက်ခဲ့တာကြာလို့ အစစ အရာရာနေသားတကျရှိပြီးသား ရဲတိုက်တစ်ခုလိုပါပဲ။ ကျွန်မတို့ရဲ့နိုင်ငံကတော့ ဆင်ခြေဖုံးရပ်ကွက်ထဲက တဲအိမ်စုတ်စုတ်ကလေးလို ဖြစ်နေသေးတာပါ။ အိမ်စုတ်တာ၊ အိမ်ကောင်းတာက စီးပွားရေးနဲ့ ပြုပြင်ပြောင်းလဲယူလို့ ရနိုင်ပါတယ်။ မလွယ်ပေမယ့် မခက်ပါ။ ပိုပြီးအရေးကြီးတာက အဲဒီအိမ်ထဲမှာနေတဲ့ လူတွေရဲ့ စိတ်ဓါတ်ပါ။ ဘယ်လောက်ကောင်းတဲ့တိုက်အိမ်သစ်ထဲမှာ နေရသည်ဖြစ်စေ စည်းကမ်းမရှိရင် အမှိုက်ပွ၊ ကြွက်ကိုက်ပြီး ပျော်စရာကောင်းတဲ့အိမ် ဖြစ်လာမှာ မဟုတ်ပါဘူး။
၁၉၆၀ ပြည့်နှစ်တုန်းက မြန်မာနိုင်ငံလိုဖြစ်ရပါစေမယ်လို့ လီကွမ်ယုက သူ့နိုင်ငံသားများကို ကတိပေးခဲ့တာ မယုံနိုင်လောက်အောင်ပါပဲ။ ဒီနေ့လီကွမ်ယုအောင်မြင်သွားတာ စင်္ကာပူတစ်နိုင်ငံလုံးစည်းကမ်းလိုက်နာလို့ပါ။ ဒါကြောင့်မို့ ကျွန်မတို့ မြန်မာတွေလည်း ကိုယ့်အဘိုးအဘွားများခြေရာကို ပြန်နင်းနိုင်ဖို့ဆိုတာ စည်းကမ်းကို ရိုးတွင်းခြင်ဆီအထိစွဲနေမှ ရှေ့ကသွားနှင့်သူများကို မီနိုင်မှာဖြစ်ကြောင်း မဆုံးနိုင်အောင် အတွေးနယ်ချဲ့နေမိပါတယ်။
သန္တာဝင်း
( မတ်လ ၂၂-၂၈၊ ၂၀၁၀ ထုတ် The Voice weekly တွင် ဖော်ပြပြီးဖြစ်ပါတယ်။ )