
မြန်မာ့တပ်မတော်(ရေ) စစ်ရေယာဉ်တစ်စီးက စက်တင်ဘာ (၂၁)ရက်နေ့တွင်
ထိုင်းငါးဖမ်းလှေတစ်စီးကို ထိုင်းရေပြင်ထဲမှာ ပစ်ခတ်ဖမ်းဆီးတယ်ဆိုပြီး
Bangkok Post အပါအဝင် ထိုင်းသတင်းဌာနတွေက ဖော်ပြနေတာ တွေ့နေရပါတယ်။
မြန်မာ့တပ်မတော်(ရေ) စစ်ရေယာဉ်တစ်စီးအနေဖြင့် အန္တာရာယ်အဖြစ်ခံ
ပြဿနာအဖြစ်ခံပြီး နိုင်ငံရေး/ စစ်ရေး/ စီးပွားရေး ခိုင်ခိုင်မာမာ
ကူးလူးဆက်ဆံနေတဲ့ အိမ်နီးချင်းနိုင်ငံရဲ့ ရေပြင်ထဲကို သာမန်ငါးဖမ်းလှေတစ်စီးအတွက် တကူးတကဝင်ရောက်ဖို့ဆိုတာ စဉ်းစားကြည့်ရုံနဲ့တင် ဖြစ်နိုင်/မဖြစ်နိုင်
သိနိုင်ပါတယ်။ သူတို့သတင်းဌာနတွေ တစ်ဖက်သတ် စဉ်ထားတဲ့အကွက်အတိုင်း
အတင်းကြီး လိုက်စဉ်းစားရင်တောင် ထိုင်းငါးခိုးလှေက
အချိန်မီထွက်ပြေးလို့ရတဲ့ ထိုင်းရေပြင်နဲ့မလှမ်းမကမ်း မြန်မာ့ရေပြင်ထဲကို
ငါးခိုးဖမ်းတဲ့အတွက် မြန်မာစစ်ရေယာဉ်က လိုက်လံဖမ်းဆီးရာမှာ
နယ်နမိတ်အစပ်ဧရိယာမှာ မိသွားလို့ ထင်ယောင်ထင်မှားဖြစ်အောင် ထုံးစံမပျက်
အော်နေကြတာ ဖြစ်နိုင်ပါတယ်။
ဖြစ်စဉ်မှတ်တမ်းတွေ
ပြန်ကြည့်ရင် ဘယ်မြန်မာစစ်ရေယာဉ်မှ အကြောင်းမရှိ အကြောင်းရှာပြီး
စည်းမရှိ၊ဘောင်မရှိ ထိုင်းရေပြင်ထဲ ဝင်ရောက်ခဲ့ခြင်း မရှိသလို အရပ်ဖက်/စစ်ဖက်
ဥပဒေအရရော၊ စီမံကွပ်ကဲရသူ အဆင့်ဆင့်ကရော စိုးစဉ်းမျှ မျက်နှာလွှဲထားခြင်း
မရှိပါဘူး။ အလားတူပဲ မြန်မာငါးဖမ်းရေယာဉ်တွေကလည်း ထိုင်းဘက်ကို တရားမဝင်
ငါးခိုးဖမ်းတာတွေ မရှိခဲ့ပါဘူး။အမိနိုင်ငံ ရေပြင်ထဲမှာတောင် ပိုလျှံနေလို့
ထိုင်းနိုင်ငံအပါအဝင် နိုင်ငံခြားငါးဖမ်းရေယာဉ်တွေကို အခွန်အခယူပြီး မြန်မာ့ရေပြင်ထဲမှာ ငါးဖမ်းခွင့်ပြုနေတာကိုကြည့်ရင် သိနိုင်ပါတယ်။ အဲဒီမှာလည်း တစ်နှစ်အခွန်အခရတာ အများဆုံး ဒေါ်လာ(၁၃)သန်းကျော်ခန့်သာဖြစ်ပြီး နည်းအမျိုးမျိုးနဲ့ တရားမဝင်ပါသွားတာက အဆပေါင်းများစွာလို့ ပြောနိုင်ပါတယ်။
ဒီကြားထဲ ကျယ်ပြောလှတဲ့ ပင်လယ်ပြင်မှာ ပထဝီအငိုက်၊ လူအငိုက်၊
ရာသီဥတုအငိုက်ယူပြီး မြန်မာ့ရေပြင်ထဲကို ငါးဝင်ခိုးဖမ်းရာမှာ
အခုလိုဖြစ်စဉ်မျိုးတွေဖြစ်ရင်
သူခိုးက လူလိုပြန်ဟစ်ပြပါသေးတယ်။ တခါတရံ နှစ်နိုင်ငံဆက်ဆံရေးနဲ့
တာဝန်ရှိသူများရဲ့ သဘောထားပျော့ပျောင်းမှု အရိပ်အကဲကိုကြည့်ပြီး သူတို့ဘက်က
သံတမန်နည်းနဲ့ တရားဝင်ကန့်ကွက်မဲ့ ပုံစံမျိုးအထိ ဟန်ဆောင်
ဂိုက်ပေးကြမ်းတတ်ပါတယ်။ ဒါတွေက သတိပြုစရာတွေပါ။
(ဒီနေရာမှာ အထင်ကရ
သမိုင်းနဲ့ချီပြီး Buffer Zone ထား၊ အမျိုးသားရေးသွေးခွဲ ၊မြေပေါ်/မြေအောက်
သက်ရှိ/ သက်မဲ့ အစို/အခြောက် သယံဇာတမျိုးစုံ အလကားကရော ထုတ်ယူခဲ့တာနဲ့
E-7 ကုန်းလို ကိစ္စမျိုးတွေကို အတိတ်မှာထားပြီး မြေမလှန်ပြတော့ပါ။)
ထိုင်းခိုးလှေတွေနဲ့ ပါတ်သက်ရင် ထိုင်းရေတပ်ရဲ့တာဝန်ကျေပြွန်
သိတတ်မှုကိုလည်း မကြာခဏဆိုသလို တွေ့ကြုံရတော့ ရိုးတောင်ရိုးနေပါပြီ။
မြန်မာ့ရေပြင်နဲ့အနီးဆုံး ထိုင်းရေပြင်ထဲကနေ ရေဒါလက်လှမ်းမှီသမျှ
ထိုင်းငါးခိုးလှေတွေရဲ့ အဝန်းအဝိုင်းနဲ့ မိမိစစ်ရေယာဉ်တွေရဲ့ လှုပ်ရှားမှုကို
ထောက်လှမ်းစောင့်ကြည့်ပြီး ခိုးလှေတွေကို အချိန်နှင့်တပြေးညီ
သတင်းပေးလုပ်၊ မြန်မာစစ်ရေယာဉ် လိုက်ဖမ်းတဲ့အခါကျရင် နယ်နမိတ်ဝန်းကျင်ကနေ
အချုပ်အခြာကိုထိန်းသိမ်းသလို၊
အပြစ်မရှိသူကို လိုက်ဖမ်းနေသလိုမျိုး တီကောင်ဆားထိပုံစံ လုပ်ပြတတ်ပါတယ်။
နိုင်ငံဖြတ်ကျော် ခိုးမှုကို လိုက်လံစောင့်ကြပ်ပေးတာ ထိုင်းရေတပ်ရဲ့
မျိုးချစ်တာဝန်တစ်ရပ်လို့ သတ်မှတ်ရမလို ဖြစ်နေပါပြီ။
သူတို့ဘက်ကစဉ်းစားရင်တော့ မှန်တယ်လို့ ယူဆနေသလိုပါပဲ။
ထိုင်းနိုင်ငံရဲ့ ငါးဖမ်းလုပ်ငန်းနဲ့ ငါးဖမ်းရေယာဉ် အရေအတွက်ဟာ ကမ္ဘာ့မှာ
တတိယအများဆုံးဖြစ်ပြီး ငါးဖမ်းဆီးရာမှာ စည်းကမ်းလိုက်နာမှုနဲ့
ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းခဲ့တာကြောင့် ၁၉၉၀ ခုနှစ်ခန့်
ဝန်းကျင်ကတည်းက ထိုင်းပင်လယ်ကွေ့ရေပြင်မှာ ငါးမျိုးစေ့တွေ
မျိုးတုံးရှားပါးခဲ့ပါတယ်။ အကျိုးဆက်ကတော့ မိမိတို့ရေပြင်ဘက်သို့
ခြေဦးလှည့်လာခြင်း ဖြစ်ပါတယ်။တပ်မတော်(ရေ)က ထိုင်းခိုးလှေတွေ
ဖမ်းဆီးနိုင်ခဲ့တာ ယနေ့အချိန်ထိဆိုရင် ထောင်ချီနေပါပြီ။ တိုင်းပြည်နဲ့
ပြည်သူ့တွေရဲ့ ရေကြောင်းဆိုင်ရာအကျိုးစီးပွားတွေကို အချောင်နည်းလမ်းနဲ့ ခိုးယူဖို့ကြိုးစားသူတွေကို
ပြည်သူ့ဘဏ္ဍာအဖြစ် ပြောင်းလဲပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာ့ရေတပ်မှာ
ဟိုနားဒီနား တောက်တိုမယ်ရ သယ်ယူပို့ဆောင်ရေး ရေယာဉ်များနှင့်
ကင်းလှည့်ရေယာဉ်ငယ် / AGI ရေယာဉ်ငယ် အများစုဟာ ဖမ်းဆီးရမိထိုင်းခိုးလှေ
အသွင်ပြောင်းတွေ ဖြစ်ပါတယ်။
မြန်မာရေတပ်ရဲ့ Constabulary
Role ထမ်းဆောင်နိုင်မှုစွမ်းရည် မြင့်မားလာမှုကြောင့် ယခုနောက်ပိုင်းမှာ
ငါးခိုးမှုများ လျော့နည်းခဲ့သော်လည်း ရိုးရာမပျက် မစိတ်မကြဲ ရှိနေသေးကြောင်း
တွေ့နေရပါသေးတယ်။ မြန်မာနိုင်ငံမှာ အခြေအနေအမျိုးမျိုးကြောင့် ကမ်းနီး/ဝေး
အလှမ်းမီဆောင်ရွက်နိုင်တဲ့ အဖွဲ့အစည်းဆိုလို့ ရေတပ်တစ်ခုသာ
ရှိသေးခြင်း၊ရေတပ်အနေနဲ့ကလည်း အဓိက Military Role နဲ့ အခြားတာဝန်များကို
ဆောင်ရွက်ရခြင်း၊ ကုန်းမြေဧရိယာထက် ပိုကျယ်တဲ့ မြန်မာ့ပင်လယ်ပြင်မှာ နေ့/ညအချိန်နှင့်
ရာသီဥတု အခြေအနေများကြောင့် တရားဥပဒေစိုးမိုးရေးဟာ ကုန်းမြေပေါ်ကဲ့သို့
ထိန်းသိမ်းစောင့်ကြပ်ရန် ခက်ခဲခြင်း စတာတွေကြောင့်လည်း ဖြစ်ပါတယ်။ ဒါ့အပြင်
ခိုးလှေများကလည်း တစ်စီးလွတ်ပြီး တစ်စီးမိရင်တောင် ကိုက်တယ်
မြတ်တယ်လို့တောင် ဆိုပါတယ်။ သေချာတာကတော့ ဒီလိုဖြစ်စဉ်မျိုးတွေ
ဆက်လက်တွေ့ကြုံရဦးမယ်ဆိုတာ ဗေဒင်မေးစရာမလိုဘူးလို့ ကောက်ချက်ချရပါမယ်။
ဒီနေရာမှာ နှစ်နိုင်ငံဆက်ဆံရေး ချစ်ကြည် အဓွန့်ရှည်ခိုင်မြဲဖို့၊
အိမ်နီးချင်းကောင်း ပီသစွာ သူ့တန်ဖိုး ကိုယ့်တန်ဖိုး ရှိစေဖို့ နဲ့
အကျယ်အကျယ် အရှည်အရှည် မဖြစ်ဖို့ လိုအပ်သလို ကြီးသည်ငယ်သည်ကိစ္စမဟူ
အချုပ်အခြာအာဏာကို မှဲ့တစ်ပေါက်မှ မထိပါးစေဖို့ နဲ့ နည်းသည်များသည်မမှတ်ပဲ
တိုင်းပြည်နဲ့လူမျိုးရဲ့ အကျိုးစီပွားကို တစ်စွန်းတစ်စမျှ
မပွန်းပဲ့ဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် နယ်စွန်နယ်ဖျား ရေစွန်ရေဖျားမှာ
မြန်မာ့ရေပြင်ပိုင်နက်ကို ကာကွယ်စောင့်ရှောက်နေတဲ့ တပ်မတော်သား
ရေတပ်သားများက မိမိတို့တာဝန်များကို နောက်ဆံတင်းစရာမလိုပဲ ယခုလိုပင်
ဦးလည်မသုန် ရဲရဲရင့်ရင့်နဲ့ ဆက်လက် ကာကွယ်စောင့်ရှောက်ရပါမယ်။
တစ်ဖက်မှာလည်း နိုင်ငံတော်အစိုးရအပါအဝင် သက်ဆိုင်ရာ မဏ္ဍိုင်များနဲ့
ဌာနအသီးသီး တာဝန်ရှိသူအသီးသီးကလည်း မိတ်ဝတ်မပျက် နှစ်နိုင်ငံဆက်ဆံရေးနဲ့
မျှမျှတတဖြစ်ရေးကိုလည်း သိက္ခာရှိရှိ ရဲရဲရင့်ရင့် ဆောင်ရွက်ကြဖို့
တိုက်တွန်းပါတယ်။
ဆရာဆောင်
(Myanmar Navy)