Sunday, September 15, 2013

အင်္ဂလိပ်အချက် မြန်မာအခက်

,

ကိုလိုနီခေတ် မြေလတ်ပိုင်းမြို့လေး တစ်မြို့မှာပါ
အင်္ဂလိပ်ခရိုင် ကော်မရှင်နာ အရေးပိုင်မင်း (အခုခေတ်ဆို ခရိုင်အုပ်ချုပ်ရေးမှူးပေါ့)
တစ်ယောက်ဟာ အဲ့သည့်ခရိုင်မြို့လေးမှာ ဘိုတဲနဲ့နေရင်း ရုံးထိုင်ပါတယ်
နာမည်ကတော့ Mr.Chip တဲ့

Mr.Chip ဟာ အိမ်ထောင်သည်ဖြစ်ပြီး
သူ့ဇနီးကတော့ အင်္ဂလန်မှာနေရစ်ခဲ့ပါတယ်
မြန်မာပြည်ကို မလိုက်လာပါဘူး
ဘိုတဲမှာ Mr.Chip တစ်ယောက်တည်းနေထိုင်ပါတယ်
အိမ်အနီးက ကားဂိုဒေါင်မှာတော့ သူ့တပည့် မောင်မြ နေထိုင်ပါသတဲ့
မောင်မြကတော့ အိမ်ရဲ့ဝေယာဝစ္စ ကူညီလုပ်ကိုင်ပါတယ်

ဒီလိုနဲ့ တရက်ကျတော့ တောက မောင်မြရဲ့မိန်းမဟာ ဘိုတဲကို လာလည်ပြီး မောင်မြနဲ့အတူ ကားဂိုဒေါင်မှာ လာနေပါတယ်
သူမ နာမည်က မသီတာ တဲ့
မသီတာ လေးက အညာသူ ညိုချောလေးဖြစ်သလို
လုံးကြီးပေါက်လှလေးဖြစ်ပါတယ်
သနားကမားနဲ့မို့
Mr.Chip က သဘောကျ လိုချင်မိသတဲ့
ဒါပေမယ့် ကိုယ့်တပည့် မိန်းမလဲဖြစ်ပြန်
ကိုယ်တိုင်က လူကြီးဖြစ်နေတော့ ဟန်ကိုယ့်နေရတာပေါ့လေ

သို့ပေမယ့် တဏှာစိတ်ကို မထိန်းနိုင်တော့တဲ့ တနေ့ကျတော့
မသီတာလေးကို ရဖို့ကြံပါတော့တယ်
သေသေချာချာ ကြံစည်ပြီးတနေ့ကျတော့ မောင်မြကိုခေါ်ပြီး

လူကလေး ညဘက်တွေမှာ ကျုပ်တစ်ယောက်တည်း အရက်သောက်ရတာ အလွန်တရာ ပျင်းရိဖို့ကောင်းတယ်
ဒါကြောင့် ညဘက် ကျုပ်ကို အဖေါ်ပြုပေးဖို့
အမျိုးသမီးတစ်ယောက် ညစဉ် ခေါ်ပေးပါ
လို့ ပြောပါတယ်

တပည့်ကျော် မောင်မြက နောက်ရက်မှာ မြို့ထဲကိုသွားပြီး ပြည့်တန်ဆာတစ်ယောက်ကို ခေါ်လာပါတယ်
ညဘက် Mr.Chip အရက်သောက်တာနဲ့ မောင်မြက အဲ့သည့် အမျိုးသမီးကို Mr.Chip အခန်းထဲထည့် လိုက်ပါတယ်

ညဘက်မှာ Mr.Chip က အဲ့သည့် အမျိုးသမီးကို သူ့အနားမှာထိုင်စေပါတယ်
ပြီးတော့ အရက်ငှဲ့ခိုင်း အမြည်းပြင်ခိုင်းပါတယ်
စကားစမြည်လေးတွေပြောပြီး သူ့ဘာသာသူ အိပ်ယာဝင်သွားပါတယ်
အမျိုးသမီးကို လက်ဖျားနဲ့တောင် မထိပါဘူး
မနက်မိုးလင်းတော့
ပိုက်ဆံငါးကျပ်ပေးပြီး ပြန်လွှတ်လိုက်ပါတယ်
အမျိုးသမီးလည်း တော်တော်ပျော်သွားသတဲ့
အဲ့သည့်ခေတ်က ငါးကျပ်ဆိုတာ ရွှေငါးမူးသားဝယ်လို့ရတာကိုး

မောင်မြကလည်း နောက်ရက်တွေမှာ နောက်ထပ် နောက်ထပ် ပြည့်တန်ဆာမတွေကို ခေါ်ပြီး
Mr.Chip အခန်းထဲကို ပို့ထားပါတယ်
Mr.Chip ကလည်း ထုံးစံအတိုင်း လက်ဖျားနဲ့တောင်မထိပဲ စကားပဲပြောပြီး
မနက်ကျတော့ ငါးကျပ်ပေးပြီး ပြန်လွှတ်လိုက်ပါသတဲ့

လေးငါးဆယ်ညလောက်လွန်လာတော့
ဒီအကြောင်းကို ပြည့်တန်ဆာမတွေကတဆင့်
မောင်မြ သိလာပါတော့တယ်
အဲ့ဒါနဲ့
လောဘတက်လာပါရော
ဟုတ်တယ်လေ ငါးကျပ်ဆိုတာ နည်းတဲ့ငွေလား

ဒါနဲ့ တရက်ကျတော့ မသီတာကို တိုင်ပင်တယ်

မသီတာ ဒီညတော့ သခင်ကြီးနားမှာ မင်း အဖေါ်သွားလုပ်ပေးပါ
သခင်ကြီးက လက်ဖျားနဲ့တောင်ထိမှာ မဟုတ်ဘူး
မနက်ကျရင် ငါးကျပ်ကြီးများတောင်ရမှာ
နှစ်ညလောက်ဆို မင့်အတွက်ရွှေဆင်ပေး လို့ ရပြီလေ
တဲ့

မသီတာကလည်း တောသူဆိုတော့ လင်ပြောသမျှ ယုံစားတာပေါ့နော့
ဒါနဲ့ပဲ
အဲ့သည့်ညမှာ မောင်မြကိုယ်တိုင်ပဲ သူ့မိန်းမကို Mr.Chip အခန်းထဲကို ထည့်ပြီး
ကားဂိုဒေါင်ကို ပြန်အိပ်နေပါတော့တယ်
အိမ်မက်ထဲမှာတော့ ရွှေပုံကြီး မြင်ရင်မြင်နေမှာပေါ့

ဟိုအခန်းထဲမတော့ ဘာဖြစ်သွားပြီလဲဆိုတာ မိတ်ဆွေတို့ ခန့်မှန်းနိုင်ကြမှာပါ
ပန်းကိုပျားနားရင်နားမှာပေါ့
သမင်ကိုကျားစားရင်စားမှာပေါ့
Mr.Chip က မမှားဘူးနော်
မောင်မြကိုယ်တိုင် လာထည့်သွားတာကိုး


ဇာတ်လမ်းလေးကတော့ ဒီလောက်ပါပဲ
ကွယ်လွန်သွားပြီဖြစ်တဲ့ ဗိုလ်မှူးကြီးဘိုနီ တိုက်ခိုက်ရေးကျောင်းမှာ ပြောပြတဲ့ မြေလတ်ပိုင်းမြို့လေးက ပါးစပ်ရာဇဝင် ဇာတ်လမ်းလေးပါ
အကြံပိုင်ပြီး အကွက်ကျကျစီမံတတ်တဲ့
ဥရောပတိုက်သားတွေနဲ့
ရိုးအတဲ့ မြန်မာလူမျိုးတွေ စရိုက်ကို ကွက်ကွက်ကွင်းကွင်း ပေါ်လွင်စေတဲ့ ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ပါတော့တယ်ခင်ဗျာ


(photo ကတော့ Mr.Dean Burnett ဆိုတဲ့ Blogger တစ်ယောက်ရဲ့ အဘေး
အင်္ဂလိပ်စစ်သား နဲ့ သူ့မိန်းမ မန္တလေးသူ တို့ပုံဖြစ်ပါတယ်
Caption မှာတော့ သူတို့အမျိုးတွေအားလုံး ဦးနေဝင်းခေတ်မှာ ပိုင်ဆိုင်မှုတွေ ပြည်သူပိုင်သိမ်းခံရလို့ အင်္ဂလန်ကို အပြီးပြောင်းရွှေ့သွားတယ်လို့ ဖေါ်ပြထားပါတယ်)



ကိုဆေး Facebook မှ  ရွှေသတင်းသစ် စာဖတ်ပရိတ်သတ် အတွက်  ပြန်လည်ကူးယူဖော်ပြပါသည်။
ခွင့်ပြုချက်မတောင်းမိသည့် အတွက် မူရင်း စာရေးသူ ကိုဆေးအား တောင်ပန်အပ်ပါသည်။

0 comments to “အင်္ဂလိပ်အချက် မြန်မာအခက်”

Post a Comment