ဒီနေ့မှာလည်း မနေ့ညတုန်းကလိုပဲ မြို့တော်ခန်းမရှေ့က မဟာဗန္ဓုလပန်းခြံရှေ့မှာ အလုပ်သမားတွေဆန္ဒပြနေ တုန်းပဲလို့ ကြားရတော့ စိတ်မကောင်းဖြစ်ရပါတယ်။
သတင်းဓာတ်ပုံတွေကို သေသေချာချာကြည့်မိတော့ ဆန္ဒပြနေတဲ့ အလုပ်သမားတွေဆိုတာ မျက်နှာနုနုလေးတွေနဲ့ လူငယ်လေးတွေ ဖြစ်နေတာတွေ့ရတယ်၊အဲဒီလူငယ်လေးတွေက မနေ့က( စက်တင်ဘာ ၂၂ ရက်) မွန်းလွဲ၂နာရီ ကတည်းက စိုလိုက်ခြောက်လိုက်နဲ့ အပူရှိန်တက်လိုက် ကျလိုက်ဖြစ်နေတဲ့နေရာမှာ ထိုင်ပြီး ဆန္ဒပြနေကြ တာပါ။
မနေ့က မွန်းလွဲ၂ နာရီကတည်းက မြို့တော်ခန်းမရှေ့က မဟာဗန္ဓုလပန်းခြံရှေ့မှာ အလုပ်သမား ၁၀၀ ကျော် ထိုင်ပြီး ဆန္ဒပြနေတဲ့ သတင်းတွေနဲ့ သတင်းဓာတ်ပုံတွေကို တွေ့မြင်ရပါတယ်။
ဆန္ဒထိုင်ပြနေတဲ့နေရာမှာ ထူထားတဲ့ ဗီနိုင်းဆိုင်းဘုတ်ပေါ်က နစ်နာကြေး မလိုချင်ပါ၊ အလုပ်သာ ပေးပါ …ဆိုတဲ့ စာတန်းကို ဖတ်ပြီး စိတ်ထိခိုက်ရပါတယ်။
ဒီနေ့မွန်းလွဲ ၂နာရီမှာတော့ သူတို့ဆန္ဒပြချိန်ဟာ ၂၄ နာရီ ပြည့်သွားပါပြီ။ သူတို့ရဲ့ ၂၄ နာရီဟာ လွယ်ကူချောမွေ့တဲ့ ၂၄ နာရီ မဟုတ်ပါဘူး။ တစ်ညလုံး လမ်းပေါ်မှာဒီအတိုင်း ခက်ခက်ခဲခဲနဲ့ ကုန်ခဲ့ရတဲ့ ၂၄ နာရီပါ။
အဲဒီ ၂၄ နာရီအကြောင်းကို စဉ်းစားကြည့်ရင် သူတို့ရဲ့ ညစာ၊ နံနက်စာတွေကို ဘယ်လို ဖြေရှင်းခဲ့ကြသလဲ၊ ပြီးတော့ ဒီအတိုင်းနေခဲ့ကြတဲ့အလုပ်သမားတွေရဲ့ အပေါ့အပါးသွားတဲ့ ကိစ္စတွေကိုရော သူတို့ဘယ်လိုဖြေရှင်းခဲ့ကြသလဲ။ လူတစ်ယောက်အဖို့ အစားမစားဘဲ နေနိုင်ရင် နေနိုင်ပေမယ့် အပေါ့အလေးမစွန့်ဘဲ တစ်ရက်နေဖို့ ဆိုတာ မလွယ် တဲ့ကိစ္စပါ။
ဒီအချက်တွေကို စဉ်းစားကြည့်မယ်ဆိုရင် သူတို့အတွက် အလုပ်ရဖို့ ဘယ်လောက်တောင် အရေးကြီးနေသလဲ ဆိုတာ သိသာစေပါတယ်။
ဒီလို မလွယ်တဲ့ ကိစ္စတစ်ခုကို သူတို့တွေ ဘာကြောင့် ပြုလုပ်နေတာလဲလို့ စဉ်းစားကြည့်ပါတယ်။
ကျွန်မတို့ တိုင်းပြည်ဟာ ဆင်းရဲနွမ်းပါးတဲ့အပြင် အလုပ်လက်မဲ့ ဦးရေဟာလည်း နေ့စဉ်နဲ့ အမျှ တိုးတက်နေတယ် လို့တောင် ပြောရတော့မလား မသိပါဘူး။ ဒီလိုအချိန်မှာ ကလေးသာသာ အသက် ၂၀ ၀န်းကျင်အရွယ်တွေက အလုပ်ရဖို့ ဆန္ဒပြနေကြတယ်ဆိုတဲ့ အတွေးက ကျွန်မကိုပိုပြီး စိတ်မကောင်းဖြစ်စေပါတယ်။
ဒီလူငယ်လေးတွေက ဟုန်ရှင်းရေငန်နှင့်ရေချိုငါးမျိုးစုံထုတ်လုပ်ရေး အအေးခန်းစက်ရုံမှ အလုပ်သမားတွေပါ၊ သူတို့ကို စက်တင်ဘာ ၁၆ ရက်က စက်ရုံအလုပ်ပိတ်သိမ်းမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်နားပေးလိုက်တယ်လို့ သိရပါတယ်။ အလုပ်ရှင်ဘက်ကနေ နစ်နာကြေး ပေးတယ်လို့ ကြားရပေမယ့် ဘယ်ရွေ့ ဘယ်မျှပေးတယ်ဆိုတာ ကတော့ မသိခဲ့ရဘူး။ ဒါပေမဲ့လည်း အလုပ်လိုချင်တဲ့သူတွေအတွက် နစ်နာကြေးကိုမလိုချင်ပါဘူး။အလုပ်သာလိုချင်တဲ့သူတွေက နစ်နာကြေးမယူဘဲ အလုပ်ရရှိရေးကိုပဲ တောင်းဆိုခဲ့ကြတာပါ။
ဘာကြောင့် စက်ရုံပိတ်ရတယ်ဆိုတဲ့ အကြောင်းပြချက်မရှိတဲ့အပြင် နောက်စက်ရုံတစ်ခုကို ပြောင်းလဲလိုက်တဲ့ အတွက် အလုပ်သမားအချို့ကို ထုတ်ပစ်လိုက်တဲ့အတွက် အလုပ်လက်မဲ့အလုပ်သမားတွေရဲ့ မကျေနပ်မှုတွေ ရှိလာရာကနေဆန္ဒပြတဲ့အထိ ဖြစ်လာတယ်လို့လည်း ကြားလာရပါတယ်။
မြန်မာပြည်က အလုပ်ရှင်တွေ ပွင့်လင်းမြင်သာမှု ရှိဖို့လိုအပ်တဲ့အပြင်၊ စီးပွားရေးဆိုင်ရာကျင့်ဝတ်လေးစား လိုက်နာဖို့ လိုပါတယ်၊ခုလို Corporate Restructuring လို ၀န်ထမ်းလျှော့တဲ့ ကိစ္စ၊ အလုပ်ဖြုတ်တဲ့ ကိစ္စတွေကို ကုမ္ပဏီတွေ အနေနဲ့ လုပ်ချင်တိုင်း လုပ်လို့မရပါဘူး။ အနည်းဆုံး သုံးလစာကြိုတင်ပေးခြင်း၊ Warning တစ်လကြိုပေးပြီးမှ တာဝန်ရပ်ဆိုင်းခြင်းစတာတွေကို လိုက်နာဖို့လိုအပ်ပါတယ်။ နှစ်ဖက်မျှတဲ့ နစ်နာကြေးတွေ အများကြီး စဉ်းစားပြီးမှ လုပ်ဆောင်ရတာပါ။
ဒါ့အပြင် စဉ်းစားကြည့်မယ်ဆိုရင် ဒီလိုအလုပ်လက်မဲ့အလုပ်သမားတွေများနေတာက ဟုန်ရှင်းစက်ရုံ တစ်ခုတည်းနဲ့ သက်ဆိုင်တဲ့ကိစ္စလို့ ယူဆလို့မရတော့ပါဘူး။ အလုပ်သမား ၀န်ကြီးဌာနအနေနဲ့လည်း တာဝန်ရှိပါတယ်။
ဒီအလုပ်သမားတွေဟာ လူမှုဖူလုံရေးအဖွဲ့ဝင် အလုပ်သမားတွေဆိုရင် ပိုပြီးတော့တောင် အခုလို အလုပ်မရှိချိန်မှာ အလုပ်သမားဝန်ကြီး ဌာနအနေနဲ့ တာဝန်ယူပေးဖို့ လိုအပ်တာတွေ ရှိပါတယ်။
ဒါ့အပြင် လက်ရှိအစိုးရအနေနဲ့လည်း တာဝန်ယူဖြေရှင်းပေးသင့်တဲ့ ကိစ္စမျိုးပါ။ မြန်မာပြည်မှာ အလုပ်မရှိတဲ့ အလုပ် လက်မဲ့တွေများပြားနေခြင်းက တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘယ်လိုမှ ကောင်းမွန်တဲ့ အနေ အထားမျိုးကို မဖြစ်စေနိုင်ပါဘူး။
အစိုးရအနေနဲ့ အလုပ်သမားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်စွမ်းရှိရပါမယ်။ လူတွေကို ငွေချေးပေးရုံနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်တာ မဟုတ်ဘူး ဆိုတာကိုလည်း စဉ်းစားနိုင်ရပါမယ်။
အခုလို အလုပ်လိုချင်တဲ့အတွက် ဆန္ဒပြနေတဲ့ အလုပ်သမားတွေဟာ ဆန္ဒပြဖို့ကြိုတင်စာတင်ခဲ့ခြင်း မရှိပေမယ့် သူတို့ ဆန္ဒထုတ်ဖော်နေတာကိုတော့ လျစ်လျူမရှုသင့်ပါဘူး။ သူတို့မှာလည်း ဆန္ဒထုတ်ဖော်ပိုင်ခွင့်ရှိတာပါပဲ။ဒီလို အလုပ်လိုချင်နေတဲ့ ပြည်သူတွေအတွက် ဘယ်သူတွေက တာဝန်အရှိဆုံးပါလဲ။
ညနေပိုင်း ၄နာရီခွဲဝန်းကျင်လောက်မှာတော့ သတင်းကောင်း ကြားရပါတယ်။ အလုပ်သမားဝန်ကြီးဋ္ဌာန၊ ရန်ကုန်တိုင်း အလုပ်သမားညွှန်ကြားမှုဦးစီးဋ္ဌာန-ညွှန်ကြားရေးမှူး ဦးစိုးဝင်းက ဆန္ဒထုတ်ဖော်တဲ့နေရာကို အရောက်လာပြီး အလုပ်သမားတွေ အလုပ်ရဖို့ အလုပ်သမားဝန်ကြီးဋ္ဌာနက ကူညီဆောင်ရွက်ပေးမှာ ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ခုလို သတင်းကောင်းကြားရတာကတော့ ၀မ်းသာစရာပါပဲ။ …ဒီလို အလုပ်လက်မဲ့ အလုပ်သမားတိုင်းကို အလုပ်သမားဝန်ကြီးဋ္ဌာန အနေနဲ့ တာဝန်ယူပေးနိုင်မယ်ဆိုရင်တော့ အတိုင်းထက်အလွန် ၀မ်းသာမိနေမှာပါပဲ။
မိတ်ဆွေများအားလုံးကို လေးစားခင်မင်လျက်ပါ။
မေသင်္ကြန်ဟိန်(မြစ်မခ)
