Wednesday, September 18, 2013

ပေ ၅၀ ချောက်အတွင်း ခရီးသည်တင်ယာဉ် ထိုးကျ၊ ကိုးဦးသေဆုံး

,
ပေ ၅၀ ချောက်အတွင်း ခရီးသည်တင်ယာဉ် ထိုးကျ၊ ကိုးဦးသေဆုံး 
 
 
 
 
 
 
 
 
 
ခရီးသည် ၂၂ ဦး တင်ဆောင် လာသော လိုက်ထရပ် ခရီးသည် ယာဉ်တစ်စီး ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရွှေတြိဂံဒေသ ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စု ကားလမ်း မိုင်တိုင်အမှတ် (၅၉/၆၀) ကြား မိုင်းဖြတ်မြို့ မိုင်းဖြတ်ကျေးရွာအုပ်စု ဆွပ်ပလောင်း ရွာထိပ်တွင် စက်တင်ဘာလ ၁၄ ရက် နံနက် ၁၀ နာရီခွဲက ပေ ၅၀ အနက် ရှိချောက်တွင်းသို့ ပြုတ်ကျခဲ့ရာ လူကိုးဦး သေဆုံးခဲ့ကြောင်း သွားရောက် ကူညီခဲ့သည့် မိုင်းဖြတ်မြို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အတွင်းရေမှူး ဦးစိုင်းဝင်းက The Voice သို့ ပြောကြားသည်။
အဆိုပါ ယာဉ်ပေါ်တွင် မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့မှ တာချီလိတ်သို့ အလုပ်လုပ်ရန လိုက်ပါလာသည့် ခရီးသည်များ ပါဝင်ပြီး အဆိုပါယာဉ်မှာ ချောက်မှတစ်ဆင့် ရေအနက် ၁၀ ပေခန့်ရှိသော ချောင်းအတွင်းသို့ ပြုတ်ကျခဲ့ရာ အမျိုးသားနှစ်ဦး၊ အမျိုးသမီး ခြောက်ဦး၊ လေးနှစ်အရွယ် ကလေးတစ်ဦးတို့ သေဆုံးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ခရီးသည်တင် လိုက်ထရပ်ယာဉ်သည် မိတ္ထီလာမြို့ဘက်မှ စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီတွင် မောင်းနှင် ထွက်ခွာလာပြီး ယင်းနေရာ အရောက် ယာဉ်မောင်း အိပ်ငိုက်၍ ချောက်ထဲ ထိုးကျခဲ့ခြင်း ဖြစ်ကြောင်း ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိခဲ့သူ ဒေါ်ထားထားညွန့်က ပြောကြားသည်။ “ဒဏ်ရာရတဲ့သူတွေ ပြောတာတော့ ကားက နှစ်ဆင့်လောက် လိမ့်ပြီးမှ ကျတာ။ သေဆုံးသူ အများစုက ဝန်တွေပိနေတာရယ်၊ ရေနစ်ပြီး မွန်းတာရယ်ကြောင့် သေဆုံးခဲ့ပုံရတယ်” ဟု မိုင်းဖြတ်မြို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အတွင်းရေမှူး ဦးစိုင်းဝင်းက ထပ်လောင်းပြော ကြားသည်။

ယင်းသေဆုံးသူများသည် အသက် ၆၅ နှစ် အရွယ်မှ လေးနှစ်အရွယ် ကလေးတစ်ဦး အထိ ပါဝင်ပြီး အများစုမှာ မလှိုင်မြို့တွင် နေထိုင်သူ များ ဖြစ်ကြောင်း၊ သေဆုံးသူများတွင် မိထ္ထီလာမြို့နယ်နေသူ တစ်ဦး၊ တာချီလိတ်တွင် နေထိုင်သူ တစ်ဦးလည်း ပါဝင်ကြောင်း ယင်းနေရာသို့ သွားရောက် ကယ်ဆယ်ကာ စာရင်းကောက်ယူ ခဲ့သည့် မိုင်းဖြတ်မြို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီထံမှ သိရှိရသည်။

ယာဉ်ပြုတ်ကျမှုကြောင့် အမျိုးသား ရှစ်ဦး၊ အမျိုးသမီးငါးဦး အပါအဝင် ၁၃ ဦး ဒဏ်ရာရရှိခဲ့ပြီး မိုင်းဖြတ်ဆေးရုံတွင် သုံးဦး၊ တာချီလိတ် ဆေးရုံ တွင် ခြောက်ဦးနှင့် ကျန်လူများမှာ ပြင်ပလူနာအဖြစ် ကုသလျက် ရှိကြောင်း မိုင်းဖြတ်မြို့မ ရဲတပ်ဖွဲ့စခန်းနှင့် တာချီလိတ် ဆေးရုံများထံမှ စုံစမ်းသိရှိရသည်။ ခရီးသည်ယာဉ် ပြုတ်ကျမှုကြောင့် ယာဉ်မောင်းနှင်သူ ဦးကြည်ဝင်းကို မိုင်းဖြတ်မြို့မ ရဲတပ်ဖွဲ့စခန်းက (ပ) ၁၁၇/၂၀၁၃၊ ပြစ်မှု ပုဒ်မ ၃၃၇၊ ၃၃၈၊ ၃၀၄ (က) တို့ဖြင့် အရေးယူထားကြောင်း အဆိုပါ ရဲတပ်ဖွဲ့စခန်းထံမှ သိရှိရသည်။

0 comments to “ပေ ၅၀ ချောက်အတွင်း ခရီးသည်တင်ယာဉ် ထိုးကျ၊ ကိုးဦးသေဆုံး ”

Post a Comment