Tuesday, September 17, 2013

ရဲ နှစ်ယောက် နှင့် ကျွန်တော် အတွေး

,

ညနေက ကျွန်တော် ရန်ကုန် ကမာရွတ်လှည်းတန်းမှာ မုန့်သွားစားဖြစ်တယ်။အဲ့မှာ ကိစ္စတစ်ခုပေါ့ဗျာ ကြုံခဲ့ရတယ်ဆိုပါတော့ ။ဘယ်လိုလဲ ဆိုတော့ ကိုယ်စားနေတဲ့ မုန့်ဆိုင်က တရားမ၀င်ခိုးကူးခွေတွေ ရောင်းတဲ့ ဆိုင်လေးတွေနဲ့ က ဘေးချင်းကပ်ရက် နေရာမှာရှိတယ်။နောက်ပြီှး ကိုယ်ထိုင်တဲ့နေရာကလဲ အခွေဆိုင်ဘေးတင်ဆိုတော့ အခွေဆိုင်မှာဘယ်သူတွေဘာဝယ်တယ်ပေါ့ဗျာ အကုန်သိရတာပေါ့။အဲ့လိုနဲ့ နေနေတုန်းမှာ ဆိုင်ကယ်လေးတစ်စီးနဲ့ ရဲ နှစ်ရစ်နဲ့ တစ်ယောက် အရစ်မပါ တစ်ယောက် ရောက်လာတယ်။ဖော်ဖော်ရွေရွေ ပါပဲ ဆိုင်က ကုလားလေးကို ကုလားလေးရေ တဲ့ ငါတို့ ခွေယူဦးမယ်ကွာတဲ့ ဆိုင်က ကုလားလေးက ဟုတ်ကဲ့ တဲ့ ဘယ်နှစ်ခွေယူမလဲပေါ့ မေးတော့ နှစ်ယောက်ဆိုတော့ နှစ်ခွေပေါ့ တဲ့။ ကျွန်တော်လည်း နဲနဲစိတ်ဝင်စားလို့ ကြည့်နေမိတယ် ရဲနှစ်ယောက်က ငါတို့က စာပေသမားဆိုတော့ စာပေခွေပဲယူမယ်ဆိုပြီး စာပေဟောပြောပွဲခွေ နှစ်ခွေယူတယ်။ ခွေယူပြီး ပိုက်ဆံလဲမရှင်း သွားခဲ့ဘူး။ဆိုင်ကယ်လေး
နဲပြန်ထွက်သွားတယ်။ ကိုယ့်မှာတော့ အတွေးတွေအများကြီးနဲ့ ကျန်ခဲ့တယ်။
ပထမဆုံး ခုနက ရဲနှစ်ယောက်ကို သနားမိတယ်။ ဒီအခွေနှစ်ခွေ တန်းဖိုးအားဖြင့် ကျပ်ငွေ ၁၀၀၀ ကျပ်အပြင်ပိုမရှိပါဘူး။တစ်ယောက် တစ်ခွေဆိုရင် တစ်ယောက်ကို ၅၀၀ ကျပ်ပဲကျမယ်။ဒါလောက်ကို ဘာလို့ အကျင့်ပျက်ခံပြီး ပိုက်ဆံနဲ့ ပေးမ၀ယ်တာလဲ။ ဒီငွေ ၅၀၀ ကျပ်နဲ့ ကိုယ်ကျင့်တရား သိက္ခာနဲ့ လဲထိုက်လို့လား။မတန်ဘူးလို့ထင်ပါတယ်။

တစ်လောက လဲ မြန်မာနိုင်ငံရဲတွေ အနေနဲ့ တော်တော် လေးဂြိုလ်ဆိုးဝင်တဲ့ ကာလလို့ပြောရ မလိုဖြစ်ခဲ့တယ် တာဝန်အတိုင်းအရေးယူတဲ့ ရဲနှစ်ယောက်ကို တာဝန်ချိန်မှာပဲ ယာဉ်စည်းကမ်းဖောက်တဲ့ ယာဉ်မောင်းက ပထမ လာဆဲဆိုတယ် နောက် ဓါးနဲ့ ထိုးပြီး ထွက်ပြေးတယ်။ဒါမဖြစ်သင့်တာပဲ အဲ့မတိုင်ခင်ရှေ့မှာလဲ ဒေါပုံက လူမိုက်ဆိုတာက တံတားစောင့်ရဲကို တံတား ဟိုဖက်ကားလမ်းဒီဖက်ကားလမ်းခြားပြီး ဓါးနဲ့ ကြီမ်းမောင်းဆဲဆို တယ်လို့ကြားတယ်။ နောက်တစ်ခါ မဟာဗန္ဒူးလ ပန်းခြံ နားမှာ ဒေါ်လာရောင်းမလား ၀ယ်မလား လုပ်တဲ့ လူတွေထဲက လူမိုက်ခေါင်းဆောင်ဆိုတဲ့ကောင်ကလဲ အဲ့တံတားစောင့်ရဲတွေကိုပဲ လာဆဲသွားတယ်ဆိုပြီးကြားရပြန်တယ်။နောက်တစ်ခု ကတော့ တော်တော်ဆိုးဆိုးဝါးဝါးပဲ ရဲနဲ့ ဆိုင်ကယ်သမားတွေနဲ့ သူရိုက်ကိုယ်ရိုက် အပြန်အလှန်ရိုက်ကြ တယ် ရဲကလဲ မိန်းကလေးတစ်ယောက်ကို အဓမ္မကြံစည်တယ် စသဖြင့် ရဲတပ်ဖွဲ့အတွက် ဂြိုလ်ဆိုးဝင်တဲ့ကာလလို့ပြောရမယ်။

ဖြစ်စဉ်တွေပြန်ကြည့်လိုက်ရင် မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးရေးဆိုတာမရှိသေးတာကို ပြန်တွေ့ရမှာဖြစ်ပါတယ်။တရားဥပဒေ စိုးမိုးမှလည်း ပြည်သူတို့ နေ့စဉ်ဘ၀ လုံခြုံ အေးချမ်းမယ်ဖြစ်ပါတယ်။
ဒါဖြင့်တရားဥပဒေ စိုးမိုးရေးဘယ်လိုဖော်ဆောင်မလဲ ဒါကို ကျွန်တော့်အယူအဆ အမြင်ကို ရေးသားဖော်ပြသွားမှာဖြစ်ပါတယ်။

(၁) ရဲတပ်ဖွဲ့ ပြုပြင်ပြောင်လဲရပါမယ်။
ရဲတပ်ဖွဲ့သည် တပ်မတော်နှင့်သဘောသဘာဝမတူညီပါဘူး ပြည်သူနှင့်အမြဲ ထိတွေ့ဆက်ဆံနေရတဲ့ လက်နက်ကိုင် တပ်ဖွဲ့ဖြစ်ပြီး အရပ်ဖက် ဥပဒေ များစွာ တို့ကို ကိုယ်တိုင်လဲ လိုက်နာရသလို အများပြည်သူအားလည်း လိုက်နာစေရမည့် တပ်ဖွဲ့ဖြစ်ပါတယ်။ရဲတပ်ဖွဲ့ အား ပြည်ထဲရေး ၀န်ကြီးဌာန၏လက်အောက်တွင် သီးသန့် ထားရှိပြီး အရပ်ဖက် ဥပဒေများကို တပ်မတော် အပါအ၀င် နိုင်ငံအတွင်းရှိကြကုန်သော လူတိုင်းကို လိုက်နာစေရပါမည်။ကမ္ဘာနိုင်ငံများစွာတို့တွင် ရဲတပ်ဖွဲ့သည် အနဲနဲ့ အများ ဥပဒေချိုးဖောက် ခြင်းမျိုး လာဘ်စားခြင်းမျိုးတော့ရှိတတ်ပါသည်။သို့သော်မိမိ ကို ပြန်အန္တရယ်ပြု ရန်မူလာလောက်အောင် ထိခွင့် မပြုသင့်ပေ။ဂျပန် နိုင်ငံတွင် အများ သိကြသော ရာကူဇာ လိုဂိုဏ်မျိုးမရှိမဟုတ် ရှိသည်။သို့သော် ဂျပန်ရဲသည် ရာကူဇာ ၏ စိန်ခေါ်ရန်စခြင်းကို သီးခံသော တပ်ဖွဲ့မျိုးမဟုတ်။ရဲ တပ်ဖွဲ့ဝင်တစ်ဦး သို့မဟုတ် အများ ရှေ့တွင် ပေါ်ပေါ်ထင်ထင် ဥပဒေချိုးဖောက်ပြခြင်းသည် ရဲတပ်ဖွဲ့ကို စိန်ခေါ်ခြင်း ဖြစ်ပါသည်။ထိုသို့မဖြစ်စေရန် ရဲတပ်ဖွဲ့ ခိုင်မာတည်ကြည်ပြီး လောင်းရိပ်ကင်းသော စွမ်းဆောင်ရည် ပြည့်ဝသော ရဲတပ်ဖွဲ့ဖြစ်ရန် ဖွဲ့စည်းပြင်ဆင်သင့်ပေသည်။

(၂) ရဲတပ်ဖွဲ့ ၀င်စီစစ်ရွေးချယ်ခြင်း

ရဲတပ်ဖွဲ့သည် ပြည်သူလူထုနှင့် အနီးကပ်နေထိုင်ရသော တပ်ဖွဲ့ဖြစ်သောကြောင့် လူမှုဆက်ဆံရေး ပညာတွင် ကျွမ်းကျင်အဆင့်မဟုတ်တောင် တတ်ကျွမ်းသော အဆင့် ထိရှိရမည်ဖြစ်ပါသည်။ငါရဲပဲ ငါ့မှာ ဖမ်းဆီးပိုင်ခွင့် ရှိသည်ဟု ကိုယ့်ကိုယ်ကို အထင်ရောက် နေ၍မဖြစ်ပေ။တရားမျှတမှုကို စဉ်းစားဆင်ခြင်နိုင်ပြီး ကြီးသောအမှုငယ်အောင် ငယ်သောအမှု ပြီးပြတ်စေအောင်ဆောင်ရွက်ရပါမည်။ ထိုသို့ဖြစ်စေရန်မှာ အနိမ့်ဆုံးသောအဆင့် ရဲတပ်ဖွဲ့ဝင်သည် ဥပဒေ ၏ သဘောသဘာဝကို နားလည်ထားဖို့ အတန်အသင့်သော အတန်းပညာနှင့် လေ့လာဆည်းပူးမှုရှိရမည် ဖြစ်ပါသည်။အဓိက အရေးကြီးဆုံး အချက်ကတော့ မိမိကိုယ်တိုင် ရဲတပ်ဖွဲ့သို့ ၀င်ရောက်တာဝန်ထမ်းဆောင်ချင်သော ၀ါသနာရှိရပါမည်။ထိုမှသာ စိတ်ဓါတ်ကောင်းသော ရဲတပ်ဖွဲ့ဝင်များရရှိလာမည်ဖြစ်ပြီး တရားဥပဒေကို ကိုယ်တိုင်လဲ လိုက်နာ အများပြည်သူအားလည်း လိုက်နာစေပြီး အများပြည်သူတို့ ၏ တရားမျှတမှုကို ဖော်ဆောင်နိုင်မည်ဖြစ်ပါသည်။

(၃)ရဲတပ်ဖွဲ့လက်နက်တပ်ဆင် လေ့ကျင့်သင်ကြားခြင်း

အဓိကအားဖြင့် ဥပဒေပညာကို လေ့ကျင့်သင်ကြားပေးရမည်ဖြစ်ပြီး ကိုယ်တိုင်လဲ ဥပဒေကို လေးစားလိုက်နာစေသင့်ပါသည်။ထို့နောက် ကိုယ်ခံပညာကို လက်နက်မဲ့ လက်နက် ငယ် ဗန်တို ဗန်ရှည် မှအစ သက်လုံကောင်းစေရန်ပါ လေ့ကျင့်သင်ကြား ပေးရပါမည်။သတ်မှတ်ထားသော ကိုက် အကွာ အဝေးအတွင်း ပြောင်းတို သေနတ်ကို ထိရောက်စွာ ပစ်ခတ်တတ်စေရန် လေ့ကျင့်ပေးရပါမည်။ထို့အပြင် အဖွဲ့လိုက် ပူးပေါင်းပိတ်ဆို့ လှုပ်ရှားတတ်စေရန် လည်းသင်ကြားပေးရပါမည်။ထို့အပြင် ရဲတပ်ဖွဲ့ဝင်များအား လေ့ကျင့်သင်ကြားပေးထားသော လက်နက်များကိုလည်း ထိရောက်စွာ အသုံးချနိုင်စေရန် ပေးအပ်ထားရမည်ဖြစ်ပါသည်။သို့မှသာ မိမိကိုယ်မိမိရုံကြည်စိတ် ရှိပြီး ရာဇ၀တ်သားကို ထိရောက်စွာ ဖမ်းဆီး အရေးယူနိုင်မည်ဖြစ်ပါသည်။

(၄)ရဲတပ်ဖွဲ့ သက်သာချောင်ချိရေး

ရဲတစ်ယောက်၏လစာသည် သာမန်ရိုးသားသောရဲတစ်ယောက်အဖို့ စားလောက်ရုံဆိုသည့် အတိုင်းအတာ ထိမှီဖို့ရန်အင်မတန်ခဲယဉ်းလှပြီး အလွန်အမင်း နဲပါးလွန်းပါသည်။ထို့အပြင် အမှုလိုက်စဉ်အတွင်းကုန်ကျစာရိတ်များသည် အစိုးရ မှ လုံလောက်စွာ ထုတ်ပေးခြင်းမရှိသောအခါတရားလို တရားခံ များထံမှ ဥပဒေမဲ့ လာဘ်စားခြင်းမျိုးများဖြစ်ပေါ်လာနိုင်ပါသည်။ ထိုသို့လာဘ်စားခြင်းများသည်ပင် ရဲတပ်ဖွဲ့များ၏ တရားမျှတမှု အပေါ် အကျိုးသက်ရောက်စေပြီး မတရားမှုများဖြစ်ပွားစေပါသည်။ထို့ကြောင့် လစာ အတိုင်းအတာ တစ်ရပ်ထိ မတိုးမြှင့် ပေးနိုင်လျှင် တောင် အမှုလိုက်သောအခါတွင် အမှု လိုက်နေစဉ်အတွင်း တာဝန်ထမ်းဆောင်ရာတွင် ရုပ်ဝထ္ထု ပစ္စည်း အသုံးချခြင်းအတွက် လုံလောက်သော ငွေကြေး ပစ္စည်းထောက်ပံ့ပေးဖို့လို အပ်ပါသည်။သို့မှသာ မိမိတာဝန်ကို အမှီအခိုကင်းကင်းနှင့် ၀တ္တရား အတိုင်း ထမ်းရွက်စေခြင်းဖြင့် တရားမျှတမှုကို ဖြစ်ပေါ်စေမည်ဖြစ်ပါသည်။

အထက်ပါ အချက် ၄ချက်သည် တရားမျှတမှု ဥပဒေစိုးမိုးမှု ဖြစ်ပေါ်စေရန် ရဲ တပ်ဖွဲ့ အနေနှင့် မဖြစ်မနေ ပြုပြင်ပြောင်းလဲ ရတော့မည့် အချက်များဖြစ်ပါသည်။

အထက်တွင်ဖော်ပြပြီးသကဲ့သို့ ရဲတပ်ဖွဲ့ များအာ ဓါးကိုင်ပြီး ဆဲဆိုနေခြင်းသည် အမှန်မှာ လက်နက် ဥပဒေ ကို ရဲ တပ်ဖွဲ့ ၀င်များ သိရှိနေပါလျှင် ရဲတပ်ဖွဲ့ ၀င်များတွင် ခြောက်လုံးပြူးသေနတ် ရှိနေပါလျှင် ထို တရားခံအား လက်နက်ကိုင်ဆောင် ခြိမ်းခြောက်ခြင်းကို လုံခြုံရေးအရ ပစ်ခတ် ဖမ်းဆီး ခွင့် ရှိနေခဲ့ပါလျှင် ထိုနေရာတွင် တရားဥပဒေ စိုးမိုးသွားမည်ဖြစ်ပါသည်။ထို့အပြင် ဥပဒေမဲ့ ဖွင့်လှစ်ထားသော ခိုးကူးခွေ ဆိုင်တွင် လာဘ်မစားထားပါလျှင် သို့မဟုတ် အခွေ အား ပိုက်ဆံပေးဝယ်ကြည့်ခဲ့ပါလျှင် ထိုဆိုင်အား အချိန်မရွေး အရေးယူနိုင်ပါသည်။ထိုအခါ ရဲ များ လူမလေးခွေးမခန့် မဖြစ်တော့ပဲ ရဲလာသည်နှင့် ဥပဒေမဲ့ လုပ်ရပ်များ အလိုလို နောင်ကျဉ် ပပျောက်သွားမည်သာဖြစ်ပါသည်။တရားရုံးများသည် တရားခံအား ဖမ်းဆီးရန် ၀ရန်းသာ ထုတ်ပေးနိုင်ပါသည်။တကယ်တရားဥပဒေစိုးမိုးရန် တရားခံနှင့် နဖူးတွေ့ဒူးတွေ့ တွေ့ကြရသူများမှာ ရဲတပ်ဖွဲ့သာဖြစ်ပြီး ရဲတပ်ဖွဲ့ မှ ဖမ်းဆီးပေးမှသာ တရားခံသည် တရားရုံး တရားခွင်ကိုရောက်ရှိနိုင်မည်ဖြစ်သောကြောင့် တရားဥပဒေ စိုးမိုးရန် ပြည်သူတို့ဘ၀ လုံခြုံအေးချမ်းစေရန် ရဲတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲ တည်ဆောက်သင့်ကြောင်း ကျွန်တော့်အမြင်ကို ဖော်ပြပါသည်။

ဆန်းသစ်
(၁၃၇၅ တော်သလင်းလဆန်း ၁၂ရက်နေ့ )
၁၆ ရက် ၉လ ၂၀၁၃ ခုနှစ် တနင်္လာနေ့

0 comments to “ရဲ နှစ်ယောက် နှင့် ကျွန်တော် အတွေး”

Post a Comment