Thursday, September 12, 2013

စိုက်ပျိုးရေးရုံးဝင်းအတွင်း ကျည်ဆံများ တွေ့ရှိ

,


ပုသိမ်၊ စက်တင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကမ်းနားလမ်း (ထုံးဘိုရပ်)ü ရှိသော တိုင်းဒေသကြီး စိုက်ပျိုးရေး ရုံးဝင်းအတွင်း စက်တင်ဘာလ ၈ ရက်နေ့၊ မွန်းလွဲ တစ်နာရီခွဲခန့်က ကျွတ်ကျွတ်အိတ် အစုတ်နှင့် ထည့်ထားသော ပုံစံမပျက်ရှိနေသည့် ၉ မမ စတင်းကျည်ဆံ အဟောင်းအပျက် (၈၂) တောင့်နှင့် ကိုယ်ထည်နှင့် ထိပ်ဖူးများ ထက်ပိုင်းကျိုးနေသော ကျည်ဆံအဟောင်းအပျက် (၉) တောင့်၊ စုစုပေါင်း (၉၁) တောင့်အား တွေ့ရှိခဲ့သည်ဟု စုံစမ်းသိရှိရသည်။
အဆိုပါ ကျည်ဆံများ ထည့်ထားသော ကျွတ်ကျွတ်အိတ်အား စက်တင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးဝင်းရှိ ပုသိမ်ခရိုင် စိုက်ပျိုးရေးရုံးနှင့် စိုက်ပျိုးရေး ဧည့်ရိပ်သာတို့သို့ ဆက်သွယ်ထားသောလမ်းပေါ်၌ … ပုသိမ်မြို့၊ ထန်းကုန်လေး (၅) လမ်းနေ ကိုကောင်းမြတ်သူ (ဘ) ဦးထွန်းလင်း (ရုံးဝင်းသန့်ရှင်းရေးဝန်ထမ်း) နှင့် အဆိုပါ ရုံးဝင်းအတွင်းနေ ကိုတေဇာအောင် (ဘ) ဦးအောင်ရွှေ (ညစောင့်ဝန်ထမ်း) တို့ နှစ်ဦးက တွေ့ရှိပြီး ပုသိမ်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးစိုင်းကြာအုံ တို့မှတဆင့် ပုသိမ်မြို့ အမှတ် (၁) အသည်ကြီးရဲစခန်းသို့ ဆက်သွယ် အကြောင်းကြားသဖြင့် မွန်းလွဲ တစ်နာရီခွဲ ခန့်တွင် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဇော်မင်းထွန်း ခေါင်းဆောင်သောအဖွဲ့မှ သွားရောက် စစစ်ဆေးကြည့်ရှု ခဲ့ပြီး မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကာ သိမ်းဆည်းလိုက်သည်ဟု အသည်ကြီး ရဲစခန်းမှ စုံစမ်းသိရှိရသည်။
ခရိုင်စိုက်ပျိုးရေးရုံးနှင့် ဧည့်ရိပ်သာသို့ ဆက်သွယ်ထားသောလမ်းမှာ လွန်ခဲ့သော (၅) လခန့်က ပုသိမ်မြို့၊ မြို့မဈေးဘေးရှိ ပန်းဆေးကျောင်း (ဈေးချောင်း) အား ပြန်လည်တူးဖော်ရာမှာ ထွက်လာသော မြေဆွေးများဖြင့် လမ်းဖို့ထားခြင်းဖြစ်ပြီး ထိုမြေဆွေးများနှင့်အတူ ကျည်ဆံထည့်ထားသော အိတ်မှာ ပါလာဟန်ရှိပြီး မိုးရွာသွန်းသဖြင့် မြေကြီးများ အရည်ပျော်ကာ အတွင်းမှ ကျွတ်ကျွတ်အိတ် ပေါ်လာခြင်း ဖြစ်နိုင်ကြောင်း ရုံးဝန်ထမ်းများမှ ပြောဆိုကြသည်။
“အခုလို စောစောစီးစီး တွေ့တာ အကုန်လုံးအတွက် ကံကောင်းတယ်။ နို့မို့ဆို အဟောင်းတွေပေမယ့် စိတ်မချရဘူး။ အပူချိန်များလို့ဘဲ ဖြစ်ဖြစ်၊ ဖိအားတစ်ခုခုကြောင့်ဘဲ ဖြစ်ဖြစ် ပေါက်ကွဲသွားရင် အားလုံးအတွက် အန္တရာယ် ရှိတယ်။ နွေတုန်းက ဂျာနယ်တစ်စောင်မှာ ဖတ်လိုက်ရတယ်။ ဗုံးသီးအဟောင်းကို ကျောက်ခဲမှတ်ပြီး ထုလိုက်လို့ ထပေါက်ပြီး ကလေးနှစ်ယောက် သေသွားတယ်” ဟု စစ်မှုထမ်းဟောင်း တပ်ကြပ်ကြီး ဦးစိန်းမောင်မှ သတ်မှတ်ပြောကြားသည်။
အဆိုပါ ၉ မမ စတင်းကျည်ဆံ (၉၁) တောင့်အား ဒုရဲအုပ် ဇော်မင်းထွန်းမှ အသိသက်သေများရှေ့တွင် ရှာဖွေ ပုံစံရေးသွင်း သိမ်းဆည်းကာ ပုသိမ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံး ထောက်ဌာနစိပ် (လက်နက်/ခဲယမ်းဌာနစိပ်) သို့ လွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရဲရင့်ထွန်း (ပုသိမ်)

0 comments to “စိုက်ပျိုးရေးရုံးဝင်းအတွင်း ကျည်ဆံများ တွေ့ရှိ”

Post a Comment