စာအုပ်အစိမ်းလေးနဲနဲဖတ်လိုက်ပြီး လေကျယ်တယ်တော့မပြောပါနဲ့ ဖတ်ကြပါ ပြီးရင် ကျွန်တော်ကျယ်သလို ခင်ဗျားတို့ ကြိုက်သလို ကျယ်ကြပါ။မဖတ်ပဲ နဲ့ တော့ ဟုတ်နိုးနိုး နဲ့ မကျယ်ကြပါနဲ့ ပြောချင်ပါတယ်။ခု ၂၀၁၅ နီးလာတာနဲ့အမျှ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြင်ကိုပြင်ရမယ် ဆိုတဲ့ ဟာတွေပြောနေကြတယ်။ကောင်းပါပြီ။ ဖွဲစည်းပုံဆိုတာ ပြင်မရ တဲ့ ဥပဒေမဟုတ်ပါဘူး လူရေးတဲ့ ဥပဒေ လူ့သဘော ပြင်ချင်ပြင်နိုင်ပါတယ်။ ဒီလောက်ကြီးခက်ခဲတဲ့ ကိစ္စမဟုတ်ပါဘူး။
ဒါဖြင့်ဘာကခက်နေတာလဲ အဲ့လောက်လွယ်တာကိုဘာလို့ပြင်ဖို့ကမ္ဘာပတ်ပြီး တော့ကို ပြင်ရမယ် ပြင်ရမယ် တစာစာ အော်ဟစ်မြည်တမ်းနေရသလဲ။ ဒါမေးစရာရှိပါတယ်။ဒါကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျင့်တစ်ခုလို့ပဲပြောချင်ပါတယ်။ဘယ်လိုအကျင့်လဲ အိမ်တွင်းရေးပြသနာတစ်ခုကို ဘေးလူအားကိုးနဲ့ ရှင်းချင်တဲ့ ၈၈၈၈ ကတည်းက စွဲကပ်လာတဲ့ အကျင့်တစ်ခုလို့ပဲပြောချင်ပါတယ်။အမှန် ဒီဖွဲ့စည်းပုံပြင်ဆင်ရေးသည် ကမ္ဘာကျော် ပြသနာကြီးမဟုတ်ပါဘူး။ကိုယ့်ပြည်တွင်းမှာ ကိုယ့်ပြည်သူပြည်သားတွေ ချင်းငြှိ နှိုင်းပြီး ဆွေးနွေးတိုင်ပင် ပြင်ဆင်ရမယ့် ကိစ္စရပ်တစ်ခုဖြစ်ပါတယ်။ဒါဟာ အချုပ်အခြာ အာဏာပိုင်တဲ့ လွတ်လပ်တဲ့ နိုင်ငံတစ်ခုရဲ့ ကိုယ်ပိုင် အခွင့်အရေးပါ။ ကိုယ့်နိုင်ငံဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ဘယ်နိုင်ငံတကာကမှ ကောင်း၏ ဆိုး၏ သဘောတူ၏ မတူ၏ ဆိုတဲ့ သဘောထားအမြင်တွေ ဖိအားတွေမှ တောင်းခံနေစရာမလိုပါဘူး။ ဒါလွတ်လပ်တဲ့နိုင်ငံ အချုပ်အခြာအာဏာ ပိုင်တဲ့ နိုင်ငံတစ်ခုအနေနဲ့ နိုင်ငံရဲ့ ပြည်သူပြည်သားတိုင်းရဲ့ ဇာတိမာန် ဖြစ်ပါတယ်။
ကောင်းပြီ ဘယ်လို ဆွေးနွေးတိုင်ပင်ကြမလဲ ကျွန်တော်တို့ ဘာလို့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြင်ချင်တာလဲ။ဘာတွေကို ပြင်ဆင်သင့် ပြီး ဘာတွေကတော့ တိကျစွာ လိုက်နာ ကျင့် သုံးသင့်သလဲ။ဒီနေရာမှာ ဖွဲစည်းပုံအခြေခံကို ပြင်တာမပြင်တာထက်ကို တိကျစွာ လိုက်နာ ကျင့် သုံးရေးကလဲ အရေးပါပါမယ်။လက်တွေ့ ဖွဲ့စည်းပုံကို အသုံးချကြည့် လိုက်နာကျင့်သုံး ကြည့်ဖူးမှလဲ ဒီဖွဲ့စည်းပုံရဲ့ အားနည်းချက် အားသာချက်ကို သိနိုင်မှာဖြစ်ပါတယ်။ဖွဲ့စည်းပုံကို တိကျစွာ လိုက်နာကျင့်သုံးဖူးခဲ့ပြီလား သမ္မတသက်တမ်း တစ်ခု အတွင်းမှာတင် ဖွဲ့စည်းပုံဆိုင်ရာ အငြင်းပွားမှုတွေ ဖြစ်ခဲ့ပြီး ဖွဲ့စည်းပုံကို တီကျစွာ မလိုက်နာလို့ ဟိုကော်မတီ ဒီကော်မတီတွေက သ၀ဏ်လွှာ ပို့ပြီး လိုက်နာဖို့ ပြောနေရတဲ့ အဖြစ်ဟာတော့ ဖွဲ့စည်းပုံပြင်ရေးမပြင်ရေး ထက် ပိုအရေးကြိးပါတယ်။ ကဲ ပြင်ဆင်ရေးအပိုင်းကို ပြန်သွားကြစို့ရဲ့။ဘယ်လို ပြင်ကြမလဲ။
ဘယ်လို ပြင်ကြမလဲ ဆိုရင် ပထမဆုံး လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍ ကို ပြောရရင် လွှတ်တော်ကိုယ်စားလှယ်တွေသည် ပြည်သူလူထုကိုယ်စား ဖွဲ့စည်းပုံအခြေခံဥပဒေကို တာဝန်ခံတဲ့ ပုဂ္ဂိုလ်များလို့ ပြောချင်ပါတယ်။ပြည်သူ လူထုက ရွေးကောက်တင်မြှောက်လိုက်ခြင်း(အမှန်တကယ်ဟုပဲ ထားလိုက်ပါတော့)သည် ငါတို့ ကိုယ်စား အဲ့လွှတ်တော်ထဲမှာ မင်းသွားနေချေတော့။ အဲ့မှာ ငါတို့အားလုံး သဘောတူကြည်ဖြူထားတဲ့ ပဋိဥာဉ် တစ်ခုရှိတယ်။အဲ့ဒါရဲ့ မူဘောင် ထဲကနေလိုက်နာပြီး ငါတို့ အကျိုးကို ဆောင်ရွက်ပေး တကယ်လို့ အဲ့ ငါတို့ သဘော တူထားတဲ့ ပဋိဥာဉ် ကမင်းအတွက် ငါတို့ အကျိုးကို ဖော်ဆောင်ရာမှာ အခက်အခဲ အကျပ်အတည်း ဖြစ်စေရင် မင်းငါတို့ကို ပြန်ပြော ငါတို့ အဲ့ ပဋိဥာဉ်ကို လို အပ်သလို ဖြုတ်ထုတ် ပြုပြင် ပေးမယ် ကဲ ငါတို့ကောင်ကြီး သွားပေရော့ ဆိုလွှတ်လိုက် ခြင်းပဲဖြစ်ပါတယ်။ဒီတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဆိုရင် တစ်နည်း ပြည်သူလူထုကြီးရဲ့ ပဋိဥာဉ် ပြင်ဆင်ရေးအတွက်သည် ပြည်သူတွေ ကိုယ်တိုင်သိဖို့ပဲ လိုပါတယ်။ဘယ်ကမ္ဘာ့ ခေါင်းဆောင်တွေ ဘယ်နိုင်ငံတွေ ဘယ်တက္ကသိုလ်တွေ ဘယ်ဖိုရမ်တွေမှ သိအောင် လိုက် ကြေငြာ မောင်းတီး နေစရာ မလိုပါဘူး။လွတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ကိုယ်တိုင်လိုက်နာကျင့်သုံးပြီး အခက်အခဲရှိတဲ့အခါ ဒီအပိုင်းဒီနေရာမှာတော့ ခင်ဗျားတို့ အကျိုးစီးပွား ဖော်ဆောင်တဲ့ အခါ ဒါကြောင့် ဒလိုကြောင့် အခက်တွေ့စေတယ် ဒါကို ဒလိုပြင်လိုက်ရင် ဒါကို ဒီလိုဖြုတ်လိုက်ရင်တော့ ဒါကျုပ်တို့လဲ လုပ်လို့ ရမယ် ခင်ဗျားတို့လဲ အကျိုးရှိမယ်။ ပြည်သူ့ကိုယ်စားလှယ်ဆိုသူတွေဟာ တကယ်ပြည်သူကို ကိုယ်စားပြုပါရင် ဒလို ရှင်းပြနိုင်ရမယ်။ဒီအခါ တစ်ဖက်က ကိုယ်စားလှယ်တွေကလဲ မပြင်ဘူးဆိုတဲ့ လူများဟာလဲ သူ့ ကိုယ်စားပြုတဲ့ ပြည်သူတွေကို ဒါဟာကတော့ဖြင့် ပြင်ရင် ကျုပ်တို့ တော့ ဘယ်လို အခက်တွေ့မယ်။ခင်ဗျားတို့ ဘယ်ပုံဘယ်နည်း အကျိုးမဲ့ဖြစ်စေမယ် စသဖြင့်ရှင်းပြလိမ့်မယ်။ အဲ့မှာ မှ ပြင်ဖို့ အများစုသော ပြည်သူတွေက သဘောတူတယ်ဟေ့ ဆို ဒါပြင်ဖို့ အဆို တင် တာတွေ ဘာတွေ လုပ်တော့ပေါ့။ဒါပါပဲ။ဒါကို ဘာခေါ်မလဲ ဒမိုကရေစီ ကျတယ် ခေါ်မလား။ ကျုပ်မသိဘူး။
ကဲ မလွယ်ဘူးလား။ ဘာမှ ကမ္ဘာပါတ်ပြီး တိုင်ကြော ထူစရာ မလိုပါဘူး။ဒါပြင်မှ ဒမိုကရေစီရမယ်လဲ မဟုတ်ပါဘူး။ ဒမိုကရေစီဆိုတာကို လက်တွေ့ ကျင့်သုံးတတ်ဖို့ပဲလိုတာပါ။ လွှတ်တော်ကိုယ်စားလှယ် ပြည်သူ့ ကိုယ်စားပြု ဆိုတဲ့ ပုဂ္ဂိုလ်ကြီးတွေ အနေနဲ့ ပြည်သူတွေကို ရဲရဲဝံ့ဝံ့ ရှင်းပြဖို့တော့လိုမယ်။ အလုပ်ပိုလုပ်ရမယ်။ တကယ့်အလုပ်တွေကို လုပ်ရမယ်။ဆိတ်ဖမ်း ခိုဖမ်းတွေနဲ့ အိပ်ငိုက်နေလို့မရဘူး။ဒလို ပြည်သူကို တကယ်ရှင်းပြဖို့ က
(၁) ၂၀၀၈ ဖွဲ့စည်းပုံ စာအုပ်အစိမ်းကို ခေါင်းအုံးလုပ် အိပ်တာလောက်ပဲ အသုံးချလို့မရတော့ဘူး တကယ်ဖတ်ရမယ်။
(၂) စာအုပ်ထဲ ပါတာတွေကို တိတိကျကျ လိုက်နာကြည့် ကျင့်သုံးကြည့်။အဲ့မှာ အခက်အခဲတွေ့စရာတေါ ဘာတွေ ပါလာရင် ပြည်သူကို ပြန်ရှင်းပြ။
(၃)ပြည်သူကို ရှင်းပြပြီး ငါလုပ်ချင်တာလုပ်မယ်လဲ မဟုတ်ဘူး ပြည်သူ့ သဘော ဆန္ဒ အတိုင်း ပြည်သူက ပြင်ဆိုမှပြင်ဖို့ အဆိုတင်တာဘာညာလုပ် ပြည်သူက မပြင်နဲ့ ဆိုတာကို မပြင်နဲ့ ဒီလိုပဲ ကိုယ့်တင်တဲ့အဆို ရှုံးသွားရင် လဲ ကိုယ့်ကိုယ်စားပြုပြည်သူကို တစ်ဖက် ကိုယ်စားလှယ်ရဲ့ ပြည်သူအများစုရဲက ဆန္ဒကို လေးစားဖို့ ရှင်းပြ။
ဒါပါပဲ။ဒါကို ဒမိုကရေစီလို့ခေါ်မလား ကျုပ်မသိဘူး။
(ဆန်းသစ်)
ရန်ကုန်မြို့တွင်းတစ်နေရာ
၁၃၇၅ ခု တော်သလင်းလပြည့်ကျော် ၃ရက် တနင်္ဂနွေနေ့
ခရစ်နှစ်၂၀၁၃ခုနှစ် စက်တင်ဘာ ၂၂ရက်

Photo Credit - Eleven Media