Monday, September 23, 2013

ချစ်တော့ ချစ်တယ် အလိုမလိုက်ဘူး

,
"စလုံး" မည်ရှိ ကျွန်းပိစိတွင် အန်တီလာလို့ တွေ့ဆုံပွဲလုပ်သည်တဲ့....

တခြားဟာ ဘာဘာညာညာတွေကိုတော့ အများသူငှါ status တင်ကြ၊ ပြောကြလို့ အားလုံးလည်း နားရည်ဝကြပြီထင်ပါတယ်။

စကားတခွန်းကို ဒေါ်စုကတော်တော်လေး highlight လုပ်ပြီး ပြောသွားတာတွေ့ရပါတယ်။ အဲ့ဒါကတော့ "ပြန် လာ ပါ" ဆိုတဲ့ စကားပဲ။ ကိုယ့်တိုင်းပြည်ကောင်းအောင် ကိုယ်တိုင်လာလုပ်ပါတဲ့။ တော်တော်တန်ဖိုးရှိတဲ့ စကားလေးပါ။ ကိုယ့်တိုင်းပြည်ကောင်းအောင် ကိုယ်တွေမှ မလုပ်ရင် ဘယ်သူတွေလုပ်ကြမှာလဲ ? စစ်အစိုးရကြောင့် ဘာညာပြောချင်လည်းပြောပေါ့ အခုလို အတိုင်းအတာတခုအထိ အခြေအနေပေးလာတဲ့အချိန်မှာ လုပ်နိုင်တဲ့လူတွေဝင်လာမှ အတိုင်းအတာတခုအထိ ပြောင်းလာမှာပါ။

ဒါပေမယ့် တွေ့ရတာက ဘယ်သူကမှ အမေစုကတောင် ပြန်ဖို့ ဖိတ်ခေါ်နေပြီလို့ ဘယ်သူမှ အားတက်သရော ပြန်မယ်လို့ ဖြစ်တာ မတွေ့မိဘူးလားလို့။ လက်ခုပ်တီးတာတောင် မတွေ့မိသလိုပဲ။ (ကြည့်ရတာ ချစ်တော့ချစ်တယ်နော် .. အလိုမလိုက်ဘူးအထာထင်ပါ့)

တွေးကြည့်ရင်တော့ နားလည်ပေးလို့ ရပါတယ်။ အပြစ်ချည်းပဲတော့လဲ ပြောမရပါဘူး၊ အစကတည်းက သွားတဲ့သူတွေက ယဉ်တစ်ကိုယ်ဆိုသကိုး၊ နိုင်ငံခေါင်းဆာင်တစ်ယောက်ကို မြင်ဖူးချင်လို့ ချစ်ခင်တဲ့စိတ်အစသဖြင့်နဲ့သွားတာ၊ သူပြောသမျှ ထောက်ခံဖို့အသင့်ပဲ၊ လိုက်လုပ်ဖို့ဆိုတာတော့ နဲနဲခက်သွားတာပေါ့၊ အပြစ်တော့ မဆိုသာပါဘူး။

ခက်တာက အမေစုပြောသမျှထဲလဲ အစိုးရက မလုပ်ရင် ဘာမှမရဖူးချည်းပဲ၊ သူလဲ ဘာမှမတတ်နိုင်ဘူးနီးနီးချည်းပဲ ပြောနေတော့ကာ၊ ဒီပြည်သူဘက်ကကျတော့လဲ ဒီအစိုးရကို မနိုင်လို့ သူ့ကို ဆရာတင်ထားတာ နှစ်ပေါင်းနှစ်ဆယ်ကျော်ပြိလေ... ဒါကို ဒုံရင်းဒုံရင်းဆိုတော့ မိုက်ပြီးပြန်သွားမယ်ဆိုတာ မဖြစ်နိုင်ဘူးထင်တယ်။ တစ်ကိုယ်ရေတစ်ကာယဆိုလဲ တစ်မျိုးပေါ့၊ ဒီအသက်ဒီအရွယ် ဒီလိုလုပ်ကိုင်နေကြပြီဆိုတော့ အနည်းနဲ့ အများ မိသားစုတစ်စုကနေ သုံးစုလောက်အထိ run နေကြပြီလေ... ငဲ့ရမှတွေရှိတယ်။

နောက် တော်တော်များများက ဒီမှာ လစာ ၃၀၀၀ ရတယ်ဆိုပါစို့ မြန်မာပြည်ပြန်ရင် ၃၀၀၀ သို့ ထိုထက်ပိုရချင်တာမျိုးကိုး၊ ဒီမှာ ၃၀၀၀ ထောင်ရတယ် နောက် နေစားရိတ် စားစရိတ် အစစအရာရာနှုတ်လိုက်ရင် ဘယ်လောက်ကျန်မလဲ အဲ့လောက်ရရင် မဆိုးဘူးဆိုတာမျိုးမဟုတ်ပြန်ဘူး၊ ဒီမှာ ၃၀၀၀ ဟိုမှာ ၁၀၀၀၊ ၁၅၀၀ တော်ပါပြီဆိုတာမျိုးမဟုတ်ပြန်လေတော့... ရထားသံလမ်းလို အတူတကွ ခပ်လှမ်းလှမ်းက သွားနေဦးမှာပါပဲ။

တကယ်တော့ ကျနော်တို့တွေလည်း နစ်နေဆဲပဲလေ .. ဒီတော့ သိပ်မရွပြနဲ့ပေါ့ .. ခုဟာက အမေ့နောက်က လိုက်မယ် .. အမေသာလျင် ဘုရားသခင်ဆိုတဲ့လူတွေ အနေနဲ့ကျ .. (ဟန်ဆောင်လေးဖြစ်ဖြစ်) “ပြန်ပါ့မယ် အမေရယ်” လောက်တော့ လုပ်ပေါ့ ..

အမေစုခမျာ သွားတာ ၃-၄ ခါမကဘူး .. ပြန်လာပါ၊ ပြန်လာမေး၊ ပြန်လာလုပ် .. ဆိုတာတွေ .. (ဟောသာဟောရ ဆန်ဖြူဖြူ တခွက် ထွက်ရဲ့လား အမေရယ်)

(တချို့တချို့သော လူတွေကိုတော့) $ကြီး$ကျယ်ပြောနေကြတာကို နဲနဲချင်သည်။ သူတို့အတွက်က ဓါတ်ပုံရိုက်ဖို့သွားတာ၊ ဟိုလူလည်းသွားတယ် ဒီလူလည်းသွားတယ် ဘေးအိမ်ကလူလည်းသွားတယ်ဆိုပြီး ပွဲကြည့်သလိုသွားရုံသက်သက်ပဲ။

ငါ ဘာလေးများ ဖေ့ဘုတ်မှာ စတေးတပ်စ် တင်လို့ရမလဲဆိုတာလောက်မှတ်ပြီးပြန်လာကြတာကလား။ တစ်ကယ်လိုက်လုပ်တဲ့လူ ၅၀၀၀ မှာ ၅၀၀ လောက်တောင်ရှိပါ့မလား။

ကျနော်တို့လည်း သူတို့တွေထက်မလျော့တဲ့နှုံးနဲ့တော့ လေးစားတာပါပဲ။ ခုဟာက အမေ့ကို ကြည့်ရုံသက်သက်သွားသလားလို့ ခံစားရတယ်။ ဖေ့ဘွတ်စတေးတပ်စ်လောက်တင်ဖို့ အမေစုစကားကို နားထောင်လာတယ်လို့ခံစားရတယ်။

အမေစုကိုချစ်တာ လေးစားတာထက် ဖေ့ဘွတ်တင်ချင်နေကြတဲ့လူတွေ ရောပါနေသလားလို့။

(တချို့တချို့သော) လူတွေကတော့ ကိုယ်တိုင်က တိုင်းပြည်အတွက် ဘာတွေလုပ်ပေးနိုင်မလဲ ဆိုတာထွက် ပြန်ဖို့အတွက် တိုင်းပြည်ကို ရေမှန်ပြီလား၊ မီးမှန်လား၊ MRT ဆောက်ပြီးပြီလား၊ NTUC ရောဖွင့်ပြီးလား အားလုံးအဆင်သင့်ဖြစ်မှ ပြန်လာမယ် ပြောကြသည်။

ဒီလိုလူတွေကို မေးချင်တာ မြန်မာနိုင်ငံသား ဖြစ်ရတာကို ဂုဏ်မယူဘူးလား ? ကိုယ်တွေမျိုးဆက်တဆက် အနစ်နာခံပြီး လုပ်လိုက်ရင် ကိုယ့်သားသမီးလေးတွေ လက်ထက်ကောင်းနိုးရဲ့လို့ မပေးဆပ်ချင်ကြဘူးလား ? လို့သာ..................

ဝနေဆွ

0 comments to “ချစ်တော့ ချစ်တယ် အလိုမလိုက်ဘူး ”

Post a Comment