Tuesday, September 24, 2013

ဒေါပုံဆိပ်ကမ်း၌ အရက် အလုံးပေါင်း ရှစ်သောင်းဝန်းကျင် ဖမ်းဆီးရမိ

,

 
ရန်ကုန်ပင်လယ်ရေကြောင်းမှ တရားမ၀င်လမ်းကြောင်းဖြင့် ၀င်ရောက်လာသည့်အဖျော်ယမကာ(အရက်) အလုံးပေါင်း ရှစ်သောင်းဝန်းကျင် ဖမ်းဆီးရရှိခဲ့သည်ဟု UMFCCIတွင် ကျင်းပပြုလုပ်သည့် Myanmar Bussines & Development Week ဆွေးနွေးပွဲ၌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရှိရသည်။

ရန်ကုန်ဒေါပုံဆိပ်ကမ်း၌ စက်တင်ဘာ ပထမအပတ်မှ တတိယအပတ်အတွင်း အရက်ပုလင်းပေါင်း ရှစ်သောင်းကျော် ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်သည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုဦးစီးမှူးတစ်ဦးထံမှ သိရှိရသည်။



သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အဖွဲ့အစည်းများမှ အရက်များကို အတုနှင့်အစစ် သိရှိရန် ခွဲခြားနေကြောင်းနှင့် စနစ်တကျ စစ်ဆေး ပြီး တရားမ၀င်ပစ္စည်း မှန်ကန်ပါက ပစ္စည်းများ သိမ်းဆည်းခြင်း၊ ဥပဒေအရ အရေးယူခြင်းဆောင်ရွက်ခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်းကိုလည်း သိရှိရသည်။

“အရက်က အခုအတုနဲ့ အစစ်ခွဲခြားနေတုန်း။ အတိအကျဆိုရင် သောင်းနဲ့ချီမိတာ။ မမှန်မကန် လာဘ်ပေးလာဘ်ယူတယ်လို့ သတင်းကြားရင် တိုင်ကြားပါ။ ကျွန်တော့်ဆီကိုလည်း တိုင်ကြားနိုင်ပါတယ်။ Clear Government ဖြစ်နေတဲ့အတွက် မမှန် မကန်မရှိအောင် ၊ လာဘ်ပေးလာဘ်ယူ မရှိအောင် လုပ်ရပါမယ်။ လုပ်ချင်လို့ မဟုတ်ပေမယ့် လုပ်သင့်လို့ လုပ်တယ်။ တရားမ၀င်ကုန်တွေကို လက်ခံနေမယ်၊ လာဘ်ပေးလာဘ်ယူတွေကို လက်ခံနေမယ်ဆိုရင် ကျွန်တော်တို့ရဲ့ SME လုံးဝ ပြုတ် သွားမယ့် အနေအတားရှိတယ်။ အဓိကစားသုံးသူကို အနေအထားကို ကြည့်ရမယ်။ မှောင်ခိုတားဆီးရေးအတွက် ဗဟိုဥက္ကဌ အပါအ၀င် ၀န်ကြီးဌာနအားလုံးမှာ တာဝန်ရှိတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။

တရားမ၀င်ကုန်သွယ်မှုဈေးကွက်မှာ ကြီးမားလွန်းသည့်အတွက် တရားမ၀င်ပစ္စည်းများ မ၀င်ရောက်နိုင်ရေး Mobile Team (ရွေ့လျားစစ်ဆေးရေး)အဖွဲ့ကို၂၀၁၂ နိုဝင်ဘာတွင်၁၂ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ကာ နယ်စပ်ကုန်သွယ်မူ ၂၀ရာခိုင်နှုန်း ၊ ပင်လယ်ရေကြောင်းကုန်သွယ်မူ ၈၀ရာခိုင်နှုန်းအား တရားဝင်လမ်းကြောင်းပေါ် ရောက်ရှိရေး ကြိုးပမ်းလျက်ရှိကြောင်း Mobile Team အဖွဲ့မှ သတင်းထုတ်ပြန်သည်။

၂၀၁၁-၂၀၁၂ခုနှစ်ဘဏ္ဍာနှစ်မှာ ၂၀၁၀-၂၀၁၁ ခုနှစ်ဘဏ္ဍာနှစ်ထက် အမေရိကန်ဒေါ်လာ ၆ ဘီလီယံ တိုးတက်လာခဲ့ပြီး၂၀၁၂-၂၀၁၃ ခုနှစ်ဘဏ္ဍာနှစ် သည်၂၀၁၁-၂၀၁၂ခုနှစ်ဘဏ္ဍာနှစ်ထက် အမေရိကန်ဒေါ်လာသန်း ၁၀၀ကျော်သာ တိုးလာကြောင်းနှင့် အဓိက အခွန်ဆောင် လမ်းကြောင်းပေါ် ရောက်ရှိစေရန်စည်းရုံးဆောင်ရွက်သွားမည်ဟု ၄င်းအဖွဲ့မှ သိရှိရသည်။

“တရားမ၀င်ကုန်သွယ်မူကြီးမားနေတဲ့အတွက်တားဆီးတဲ့အခါ လိုအပ်ချက်တွေ အများကြီးရှိတယ်။ မျက်မြင် စစ်ဆေးတဲ့အတွက် အခက်အခဲတွေ ရှိတယ်။ ကားဆယ်စီးဖမ်းရင် ကိုးစီးနီးပါး မိတယ်။ လက်ရှိ စီးပွားရေး ပြုပြင်ပြောင်းလဲမှုမှာ အခွန်ရှောင်တိမ်း နည်းတွေ၊ တရားမ၀င် ကုန်ပစ္စည်းဖွက်ထားရင် သတင်းပေးပါ။ မမှန်မကန်လုပ်ရင် အချိန်မရွေး တိုင်ကြားနိုင်ပါတယ်“ ဟု မိုဘိုင်းအဖွဲ့ဥက္ကဌ ဦးတင်ရဲဝင်းက ပြောသည်။

စက်တင်ဘာ၂၃ ရက်မှ ၂၇ နေ့ထိ UMFCCI ၌ ကျင်းပမည့် Myanmar Bussiness & Development Week ပွဲသို့ စက်မူ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်တို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂမှ လူသားချင်း စာနာထောက်ထားရေး ညှိနှိုင်းရေးမှူး မစ္စတာ အရှော့နှင့် နိုင်ငံတကာမှတာဝန်ရှိသူများလည်း စက်တင်ဘာ၂၃ ရက်၌ တက်ရောက်ခဲ့သည်။
By Myitmakha

0 comments to “ဒေါပုံဆိပ်ကမ်း၌ အရက် အလုံးပေါင်း ရှစ်သောင်းဝန်းကျင် ဖမ်းဆီးရမိ ”

Post a Comment