From :
.... Messenger
အပြန်ကျတော့ ညအိပ်ယာဝင်ရင်ဖတ်ဖို့ဆိုပြီး ဂျာနယ်သုံးလေးစောင်လောက်ဝယ်ခဲ့တယ်။
အိပ်ခါနီး ဂျာနယ်ဖတ်မယ်လုပ်တော့ ဘယ်ဂျာနယ် အရင်ဆုံးဖတ်ရမလဲကြည့်လိုက်တယ်။ အဲဒီမှာခေါင်းစဉ်တစ်ခုကို တော်တော်စိတ်ဝင်စားသွားတယ်။
" တပ်မတော်ကြောင့် ဒီမိုကရေစီလမ်းကြောင်း ဘယ်လောက်ထိခိုက်ခဲ့သလဲ" တဲ့။
သိပ်ကို စိတ်ဝင်စားစရာကောင်းတဲ့ ခေါင်းစဉ်တစ်ခု၊ သာမန်အနေနဲ့ ရုတ်တရက်ဖတ်ကြည့်
လိုက်မယ်ဆိုရင်တော့ တပ်ကြောင့် ထိခိုက်ခဲ့ရတယ်ပေါ့။ သို့ပေမယ့် စေ့စေ့တွေးတော့
ရေးရေးပေါ်ဆိုသလို သေချာခွဲခြမ်းစိတ်ဖြာပြီး သုံးသပ်ကြည့်လိုက်တဲ့အခါ အခု ကျွန်တော်တို့သွားနေတဲ့ ဒီမိုကရေစီ လမ်းကြောင်းကြီးဟာ တပ်ကဦးဆောင်ကာ ကမကထလုပ်ပြီး အကောင်အထည်ဖော်ပေးခဲ့တဲ့ လမ်းကြောင်းကြီးပါပဲ။
မြန်မာ့နိုင်ငံရေးမှာရာစုနှစ်ဝက်မျှ ကျင်လည်လာခဲ့တဲ့ တပ်မတော်ဟာ သုံးယောက်ရှိရင်
လေးဖွဲ့ကွဲချင်ကြတဲ့လူတွေ၊ ဗမာလူမျိုးကြီးဝါဒဟု တွင်တွင်ပြောနေပြီး မိမိ နယ်မြေထဲ
ဝင်ရောက်လာတဲ့ဗမာလူမျိုးတွေကိုသတ်ဖြတ်နေတဲ့ တိုင်းရင်းသားသူပုန်တွေ၊ ကိုယ်ကျိုးကိုပဲ
ကြည့်တဲ့မြန်မာ့နိုင်ငံရေးသမားတွေရဲ့အကြောင်းကို အူမချေးခါးမကျန် ကျေညက်စွာ သိသူပီပီ ရေရှည်မှာ၊ ရေတိုမှာဖြစ်ပေါ်လာနိုင်တဲ့ ပြသနာတွေကို ကြိုတင်မျှော်တွေးရင်း
ဖွဲ့စည်းပုံအခြေခံဥပဒေကိုေ သချာစွာ အချိန်ယူရေးဆွဲခဲ့တယ်ဆိုတာကိုတော့ မည်သူမျှ
ငြင်းလို့ရမှာမဟုတ်ပါဘူး။
လက်ရှိ တပ်မတော်ရဲ့ သဘောထားအပေါ် ဆန်းစစ်လေ့လာကြည့်လျှင် အခြေခံဥပဒေကို
ချိုးဖောက်ရာရောက်စေနိုင်သော၊ ကျော်လွန်ရာရောက်စေနိုင်သော၊ လျစ်လျူရှုရာ
ရောက်စေနိုင်သောအရေးကြီးသည့် ကိစ္စရပ်များတွင်သာ ဆန့်ကျင်ကန့်ကွက်ခဲ့ခြင်းဖြစ်ပြီး ကျန်ကိစ္စရပ်များတွင် အခြားသော လွှတ်တော်အမတ်များနည်းတူ လိုက်လျောညီထွေ
ဆောင်ရွက်ခဲ့ကြောင်း တွေ့ရမည်ဖြစ်သည်။
လွန်ခဲ့သော ရက်အနည်းငယ်က စာရေးဆရာ ကျော်ဝင်းနှင့် ဧရာဝတီ၏ အင်တာဗျူး
တစ်ခုတွင်လည်း တပ်က ဒို့တာဝန်အရေးသုံးပါးနဲ့ အခြေခံဥပဒေ ကာကွယ်စောင့်ရှောက်ရေး ဆိုတဲ့ အပေါ်မှာထိုင်ထားတယ်။ ထိုင်ထားတယ်လို့ ယူဆရတယ်။ ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်လာတဲ့ဘောင်အထိ အတိုက်အခံဘက်က တောင်းခဲ့ရင်၊ ဒါမှမဟုတ် အခြေခံဥပဒေကို လုံးဝဖျက်သိမ်းပြီးအသစ်ရေးရမယ်ဆိုတာမျိုး တောင်းခဲ့ရင်တော့တပ်ကတခုခုတုန့်ပြန်လိမ့်မယ်။
အဲဒီ တုန့်ပြန်မှုကအာဏာပြန်သိမ်းသည် အထိ အခြေအနေ ဆိုးသွားမလား မသွားဘူးလားတော့မပြောတတ်ဘူး။ ဒါဆိုရင်တော့တပ်နဲ့ထိပ်တိုက်တွေ့နိုင်တယ်။
မြန်မာ့နိုင်ငံရေးမှာ တပ်ရဲ့ သဘောတူညီမှုမရှိဘဲနဲ့ဘာမှလုပ်လို့မရဘူး...ဟု ပကတိအခြေအနေမှန်ကို သုံးသပ်ပြီး အမျှော်အမြင်ကြီးစွာဖြင့် ပြောဆိုခဲ့သည်ကိုလည်း
တွေ့ရမည်ဖြစ်ပေသည်။
Messenger မှာပါတဲ့ အချက်အလက် အတော်များများက မိမိဆိုလိုချင်တာနဲ့ ထပ်တူထပ်မျှနီးပါး တူညီနေတဲ့အတွက် အထက်ပါဆောင်းပါးထဲမှ အချို့ကိုလည်း စာဖတ်သူများ ဗဟုသုတရစေဖို့ ပြန်လည်ဖော်ပြလိုက်ပါတယ်။
ယခုအခါ (၂) နှစ်ခွဲကျော် သက်တမ်းရှိလာပြီဖြစ်သည့် လွှတ်တော်ကို ပြန်လည်လေ့လာ
ကြည့်လျှင် စစ်တပ်ကိုယ်စားလှယ်များက ကဖျက်ယဖျက် လုပ်ခဲ့ပါသလား ဆန်းစစ်နိုင်ပါသည်။ စစ်တပ်ကို အမွှမ်းတင်ရန်အကြောင်းမရှိပါ။ အမှန်ကို အမှန်အတိုင်းရေးသားတင်ပြလိုပါသည်။
လွှတ်တော်ထဲရောက် စစ်သားများကြောင့် မြန်မာ့ ဒီမိုကရေစီခရီး နှောင့်နှေးခဲ့ခြင်းမရှိပါ။ အချို့သော ကိစ္စရပ်များတွင် အံ့အားသင့်ဖွယ်ရာ ကောင်းလောက်အောင်ပင် တပ်မတော်သား ကိုယ်စားလှယ်များက ချက်နှင့်လက်နှင့် ထောက်ပြနိုင်ခဲ့သည်ကို တွေ့ရှိရသည်။ ဤအခြေခံဥပဒေသည် စစ်တပ်က ဦးဆောင်ရေးဆွဲခဲ့သော အခြေခံဥပဒေဖြစ်သည်။
ထပ်မံတွေ့ရှိရသည့် ထူးခြားချက်တစ်ခုမှာ စစ်တပ်သည် အခြေခံဥပဒေက ပေးအပ်ထားသည့်
သူ့တာဝန်၊ သူ့အလုပ်ကို တိတိကျကျ လိုက်နာဆောင်ရွက်နေခြင်းဖြစ်သည်။ အခြေခံဥပဒေကို
ကြိုက်ခြင်းမကြိုက်ခြင်းက သပ်သပ်၊ အခြေခံဥပဒေကို လိုက်နာရသည်ကသပ်သပ်
ကြည့်မြင်နိုင်ရန်လိုအပ်သည်။ လွှတ်တော်တွင်းဆွေးနွေးမှုများ၊ ငြင်းခုန်မှုများတွင်
တပ်မတော်သားများအနေဖြင့် သူ့အလုပ်ကို သူကျေပွန်စွာ လုပ်ဆောင်နေသည်ဟု မြင်မိသည်။
ပထမဆုံးသော ဖြစ်စဉ်မှာ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကို စွပ်စွဲပြစ်တင်ခြင်းဖြစ်သည်။
ထိုအချိန်တွင် စစ်တပ်ကိုယ်စားလှယ် အမတ်များ အပြင်းအထန်ကန့်ကွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ခြင်းအပေါ် သဘောထားအမြင် အမျိုးမျိုးရှိခဲ့သော်လည်း
တပ်မတော်သည် သူ့အလုပ်ကိုသူ လုပ်နေခြင်းဟု နားလည်ရန် အရေးကြီးပါသည်။
အထက်ပါအကြောင်းအရာနှင့်ပတ်သက်၍ ထောက်ပြ ရေးသားခဲ့သော
ဒေါက်တာဆိတ်ဖွားအမည်ခံ ဘလော့ဂါတစ်ဦးအားလည်း စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့၍
အရေးယူသည်အထိ နာမည်ပျက်နှင့် အရှက်တကွဲဖြစ်ခဲ့ရသည်။
ဒုတိယဖြစ်စဉ်မှာ ခုံရုံးဥပဒေ၊ လွှတ်တော် ဥပဒေ အစရှိသည့် ဥပဒေများကိုပြင်ဆင်ခဲ့စဉ်ကဖြစ်သည်။ အခြခံဥပဒေကို ကျော်လွန်နေသော ပြဌာန်းချက်များ
ဖြစ်သည်ဟုဆိုကာ တပ်မတော်သားများကအပြင်းအထန် ကန့်ကွက်ခဲ့ကြသည်။ တပ်မတော်သည် သူ့တာဝန်ကို သူအလေးအနက် ခံယူထမ်းဆောင်နေခြင်းသာဖြစ်ပါသည်။
တတိယဖြစ်စဉ်မှာ Right to Recall ကို ပြည်သူ့လွှတ်တော်က ဆိုင်းငံ့ရန် ဆွေးနွေးစဉ်ဖြစ်သည်။ အခြေခံဥပဒေပါ နိုင်ငံသားများ၏ အခွင့်အရေးကို ပိတ်ပင်ခြင်းမပြုရန် တပ်မတော်သားကိုယ်စားလှယ်များက ထောက်ပြသတိပေးခဲ့ခြင်းဖြစ်သည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်တိုးနှင့် ဦးဘရှိန်တို့က မခိုင်လုံသော
အကြောင်းပြချက်များဖြင့် ချေပခဲ့ပါသည်။ တပ်မတော်သား ကိုယ်စားလှယ်များ၏
ထောက်ပြချက်များမှာ အကျိုးအကြောင်း များစွာ ခိုင်လုံနေပါသည်။
ဤသည်မှာလည်း တပ်မတော်သည် သူ့အလုပ်ကို သူလုပ်နေခြင်းသာဖြစ်ပါသည်။
သို့သော် ထိုသို့အပြင်းအထန် ကန့်ကွက်မှုများရှိခဲ့သော်လည်း တပ်မတော်သည် လွှတ်တော်တွင်း ဆောင်ရွက်ချက်များဖြင့်သာ အဆုံးသတ်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။
အပြီးအပြတ် အတည်ဖြစ်သော အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်ကိုလွှတ်တော်ကြီး
တစ်ခုလုံးက မလိုက်နာခဲ့သော ဖြစ်ရပ်သည် နှောင်းလူတို့ သင်ခန်းစာယူကြရမည့်သမိုင်းဝင်
ဖြစ်စဉ်တစ်ရပ် ဖြစ်လာနေပါသည်။ ထို့ထက် ပို၍ဆိုးသည်မှာ အခြေခံဥပဒေကိုကျော်လွန်ရာ
ရောက်နေသော ဥပဒေပြင်ဆင်ချက်များကို လွှတ်တော်ကပြဌာန်းထားခြင်းပင် ဖြစ်သည်။
အခြေခံဥပဒေနှင့်မညီလျှင် လွှတ်တော်တွင်သာ တာဝန်ရှိသည်ဟု ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးမြင့်ထွန်းက ထုတ်ဖော်ပြောကြားထားပါသည်။ ထိုစကားအတိုင်း ပြန်ကောက်ရလျှင် ဦးမြင့်ထွန်းအပါအ၀င် လွှတ်တော်ကိုယ်စားလှယ်များတွင်
ထိုတာဝန်ရှိနေပြီဖြစ်သည်။
ပြီးခဲ့သည့် (၂) နှစ်ခွဲတွင် တပ်မတော်ကြောင့် မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ထိခိုက်ခြင်းမရှိခဲ့ပါ။ ဤသည်ကို တပ်မတော်နှင့် ယုံကြည်မှုတည်ဆောက်လိုသော နိုင်ငံရေး
သမားများအသိအမှတ်ပြုကြရန် အရေးကြီးပါသည်။ အခြေခံဥပဒေကို ကျော်လွန်လာမည့် အခြေအနေများတွင် တပ်မတော်က ပြင်းပြင်းထန်ထန်သတိပေးခြင်းများ ပြုလုပ်ခဲ့ပါသည်။ သူ့တာကိုကျော်၍လည်း စည်းကျော်ခြင်းများ မရှိခဲ့ပါ။
ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဤသည်မှာ ယနေ့ မြန်မာ့နိုင်ငံရေး၏ အမှန်တရားပင်ဖြစ်တော့သည်။
တပ်မတော်ကို ဘားတိုက်ပြန်ဟု ပြောကြားနေသူများအား မေးလိုပါသည်။
နံပါတ် (၁) မေးခွန်းမှာ လက်နက်ကိုင်စစ်ပွဲတွေနဲ့ နိုင်ငံရေး ဆက်စပ်မှုရှိပါသလား။
နံပါတ် (၂) မေးခွန်းမှာ တပ်မတော် နိုင်ငံရေးတွင် ၀င်ပါရာမလိုအောင် ဆောင်ရွက်နိုင်ပြီလား။
ပြည်တွင်းတွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှမရှိတော့အောင် လုပ်ဆောင်နိုင်ပြီလား။
နံပါတ် (၃) မေးခွန်းမှာ တပ်မတော် လွှတ်တော်တွင်းက ထွက်သွားပြီဆိုလျှင်
အားလုံးအောင်မြင်ပြီတဲ့လား။
ရှင်းအောင်ပြောရလျှင် လွှတ်တော်ထဲတွင် နိုင်ငံရေးဆွေးနွေးမည်ဟုကြွေးကြော်နေသူများ၊
တိုင်းရင်းသားများနှင့် နိုင်ငံရေးဆွေးနွေးကြပြီဆိုလျှင် တပ်မတော်ကို ဖယ်ထားလို့ ရနိုင်ပါမည်လား။ စဉ်းစားကြစေလိုပါသည်။ လက်နက်ကိုင်တပ်ဖွဲ့များအကြောင်းပဲ
ဆွေးနွေးဆွေးနွေး၊ အာဏာခွဲဝေမှုပဲဆွေးနွေးဆွေးနွေး၊ သယံဇာတခွဲဝေမှုပဲ ဆွေးနွေး ဆွေးနွေး
တပ်မတော်မပါဘဲ မပြီးပြတ်နိုင်ပါ။ နောင်လည်း ပြန်ခေါ်ရမယ့်အတူတူ မည်သည့်အတွက်ကြောင့် မောင်းထုတ်နေရသနည်း။
အမေရီကန်နိုင်ငံကြီးကိုကြည့်ပြီး ဖယ်ဒရယ်ဟေ့ဟု ကြွေးကြော်နေသူများ အမေရိကန်ဖယ်ဒရယ်သည် ကာလကြည်ရှာ ပြည်တွင်းစစ်တွင် အသက်ပေါင်းများစွာ စတေးခဲ့ရပြီးမှ ယနေ့ရင့်ကျက်သော ဖယ်ဒရယ်ပြည်ထောင်စု ဖြစ်လာခဲ့ခြင်းဖြစ်သည်ကို သတိပြုကြစေလိုသည်။
တပ်မတော်သားများ လွှတ်တော်တွင် ၀င်ထိုင်နေခြင်းမှာ အထိန်းအထေသဘောဖြင့်
ဝင်ထိုင်နေခြင်းသာဖြစ်သည်။ ကြိုက်ချင်ကြိုက်၊ မကြိုက်ချင်နေ ထိုသို့ ၀င်ထိုင်နေခြင်းမှာ
အသွင်ကူးပြောင်းရေးအတွက် လိုအပ်လှပါသည်။ တပ်မတော်သားများ လွှတ်တော်အတွင်းမှ အခုအကုန်ထွက်ဟူ၍ ပြောနေကြသော နိုင်ငံရေးသမားများ အမြင်ကျယ်ကြဖို့လိုပါသည်။ ဦးနှောက်သုံးကြဖို့ လိုပါသည်။ လက်တွေ့ကျဖို့လိုပါသည်။
တပ်မတော်သားများ လွှတ်တော်အတွင်းမှ မည်သည့်အချိန်တွင် ထွက်ခွာရမည်ဟူသည်ကို လက်ရှိဆောင်ရွက်နေမှုများက အဆုံးအဖြတ်ပေးမည်သာဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည် ပြောကြားထားသည့် စကားတစ်ခွန်းရှိပါသည်။
" ကျွန်မတို့ လွှတ်တော်ရဲ့ သက်တမ်းဟာ တပ်မတော် ဆန္ဒရှိသလောက်ပဲ နေရမှာပါ.."
ဟူသော စကားဖြစ်သည်။ ဤ စကားသည် အဓိပ္ပါယ်များစွာ ရှိပါသည်။