Wednesday, July 31, 2013

Eleven Media သိစေအပ်ပါသည်

,


မြန်မာနိုင်ငံမှာ လက်ရှိ ရွေးကောက်ခံ အစိုးရ တက်လာပြီး နောက်ပိုင်း မီဒီယာ လွတ်လပ်ခွင့် ပေးလိုက် ပါတယ်။ အဲဒီလို မီဒီယာ လွတ်လပ် ခွင့်ပေးပြီးနောက် ပိုင်း အပတ်စဉ်ထုတ်ဂျာနယ်တွေ၊ အခုနောက်ပိုင်း နေ့စဉ်ထုတ် သတင်း စာတွေ ဟာ သတင်းစာကျင့်ဝတ်၊ မီဒီယာကျင့်ဝတ်တွေကို ဘေးချိတ်ပြီး အထိန်း အကွပ်မဲ့ လာတာတွေ့ရပါတယ်။ မီဒီယာသမားအချို့ဟာ '' မီဒီယာ လွတ်လပ်ခွင့်၊ လွတ်လပ်စွာ ဖော်ထုတ်ခွင့်'' ဆိုပြီး ပုဂ္ဂိုလ်ရေး မကျေနပ် မှုတွေကို ရှေ့တန်းတင်ပြီး ပြည်သူလူထုကြား သွေးထိုး လှုံ့ဆော်တဲ့ လုပ်ရပ်တွေ လုပ်လာတာတွေ့ရပါတယ်။ အဆိုးဆုံးက ပြည်သူလူထုက တပ်မတော် အပေါ်မှာ အထင်အမြင်လွဲအောင်၊ တစ်နည်းအားဖြင့် ယခင်က ပုဂ္ဂိုလ်ရေး မကျေနပ် မှုတွေကို ပြန်တူးဆွပြီး တပ်မတော်နဲ့ ပြည်သူတို့ ထိပ် တိုက်တွေ့အောင် ဆောင်ရွက်နေခြင်းပဲဖြစ်ပါတယ်။ အဲဒီလိုမီဒီယာတွေထဲမှာ အဆိုး ဆုံးကတော့ Eleven Media ဖြစ်ပါတယ်။ Eleven Media က တာဝန်ရှိ ပုဂ္ဂိုလ်များအနေနဲ့ ၁၉၈၈ ခုနှစ်ဖြစ်စဉ်နဲ့အဲဒီကာလ နောက်ပိုင်း ဘယ်လိုပါဝင်ပတ်သက်ခဲ့တယ်၊ ဘယ်လိုအဖွဲ့ အစည်းတွေရဲ့ နောက်ကွယ်က ကြိုးကိုင် မှုကြောင့် တပ်မတော်အပေါ်မှာ ပုဂ္ဂိုလ်ရေးအရ အငြိုးထား နေတာလဲ ဆိုတာ အဲဒီပုဂ္ဂိုလ်များသာ အသိဆုံးဖြစ်ပါလိမ့်မယ်။ လက်ရှိတိုင်းရင်းသားများ သွေးစည်းညီညွတ်ရေးနဲ့ နိုင်ငံတော်ပြန်လည် တည်ဆောက်ရေး၊ ပြည်သူတွေကြားမှာ ဒီမိုကရေစီ အမူအကျင့်တွေ လုပ်နည်း လုပ်ဟန်တွေရှင်သန်အောင်ဆောင်ရွက်ရေးမှာ Eleven Media လို စတုတ္ထမဏ္ဏိုင်က အပြုသဘောအမြင်နဲ့ ဘယ်လောက်ပါဝင်ခဲ့ ဖူးလဲ ဆိုတာမေး လိုပါတယ်။



သတင်းမှားမှားမှန်မှန်အဓိကမဟုတ်ဘူး၊ လက်ရှိ အစိုးရနဲ့ တပ်မတော် အပေါ် အမျိုးမျိုးပုတ်ခတ် ရေးသား တိုက်ခိုက် ရရင်ပြီးရောဆိုတဲ့ ပုံစံမျိုးဖြစ်နေပါတယ်။ လတ်တလောဖြစ်ပွားခဲ့တဲ့ သင်္ကန်းကျွန်း မီးကျောင်းကန် ဖြစ်စဉ်နဲ့ပတ်သက်ပြီး  Weekly Eleven ဂျာနယ်က ၁၇-၆-၂ဝ၁၃ ရက်နေ့မှာ ရေးသားချက်တွေဟာလဲ ဖြစ်စဉ်ဖြစ်ရပ် အဆင့်ဆင့်နဲ့ တာဝန်ရှိသူများရဲ့ဖြေရှင်း ဆောင်ရွက်မှုအပေါ် ဓမ္မဓိဌာန် ကျကျရေး သားခြင်း မဟုတ်ဘဲ သတင်းရေးသားသူနဲ့ အယ်ဒီတာရဲ့ ပုဂ္ဂိုလ်ရေး ထင်မြင်ချက်နဲ့ တပ်မတော်အပေါ်တိုက်ခိုက်မှုသာ ဖြစ်တယ်ဆို တာတွေ့ ရပါတယ်။ အဲဒီဂျာနယ်က ရေးသားချက်တွေကတော့ ''ရန်ကုန်တိုင်း စစ်ဌာန ချုပ်နဲ့ တပ်မြို့စည်ပင်သာယာရေး အဖွဲ့က အင်အား သုံးဖျက်ဆီး မှုပြုလုပ် ခဲ့ခြင်းဖြစ်သည်'' ''အတင်းအဓမ္မချင်းနင်း ဝင်ရောက်ကာ အကြမ်း ဖက်ဖျက် ဆီးမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်'' ''ရပ်ကွက်တစ်ခုလုံး ကမ္ဘာပျက်သကဲ့သို့ ဖြစ်စေခဲ့ သည်'' '' အဆိုပါကိစ္စအား အချိန်ယူညှိနှိုင်းခြင်းမရှိဘဲ မထင်မှတ်သည့်အချိန်တွင်အင်အား အလွန်အကျွံသုံးကာ'' စသည့်စကား လုံးအ သုံးအနှုန်းများဖြင့် ဇာတ်မနာ နာအောင်ရေးသားကာ လက်ရှိ အစိုးရနဲ့ တပ်မတော် အပေါ် ပြည်သူလူထုက အထင်လွဲအောင် ရေးသားခဲ့တာ တွေ့ ရပါ တယ်။ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၁၄-၆-၂ဝ၁၃ ရက်နေ့မှာ သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး အသိပေး ချပြခဲ့ ပါတယ်။ နှိုင်းယှဉ်ပြီး ဖတ်ကြည့်ရင် Weekly Eleven ဂျာနယ် ပါ သတင်းရေး သားသူ အပါအဝင် Eleven Media ရဲ့တာဝန်ရှိသူများဟာ သူတို့ဂုဏ်ယူ ဝင့်ကြွား စွာအော်နေတဲ့ စတုတ္ထမဏ္ဏိုင်သမား ပီသရဲ့လား လို့မေးရမှာဖြစ် သလို ဒီထက် ပိုလွန်ကဲမလာဖို့လည်း သတိပေးလိုပါတယ်။ ယနေ့မြန်မာ့ တပ်တော်ရဲ့ခံယူချက်သဘောထားတွေ၊ မူဝါဒနဲ့လုပ်ဆောင်ချက်တွေ၊ ဆက်လက်ပြီး ခံယူလုပ်ဆောင်မယ့် ရည်မှန်းချက် တာဝန် များနဲ့ ပတ်သက်ပြီး တပ်မတော် အကြီး အကဲများက တပ်မတော်နေ့ အပါအဝင် အခမ်း အနား များနဲ့ အခါအားလျော်စွာ ပြည်သူ လူထုကိုချပြခဲ့ပြီး ဖြစ်ပါတယ်။



  ယနေ့နိုင်ငံတော်၊ ပြည်သူနဲ့တပ်မတော်တို့ ဟန်ချက် ညီညီနဲ့ရှေ့ဆက် ချီတက် လျှောက် လှမ်းနေတာကို Eleven Media အနေနဲ့ အပြုသဘောနဲ့ မြင်ပါ၊ ရေးပါ၊ ပုဂ္ဂိုလ်ရေး အာဃာတအငြိုးနဲ့ တပ်မတော်ကို အပုတ်ချ ရေးသား ခြင်းမျိုး၊ ပြည်သူက တပ်မတော် အပေါ် အထင် အမြင် လွဲမှားအောင် ရေးသားခြင်း သည် အားလုံးအတွက် အန္တရာယ် ဖြစ်တယ် ဆိုတာ ပြောကြားလိုပါတယ်။


မျိုးချစ်စစ်သည်

0 comments to “Eleven Media သိစေအပ်ပါသည် ”

Post a Comment