Wednesday, July 31, 2013

ပေတစ်ရာဆီလျှောက်ပါလို့ မြင်သလောက် ပြလိုက်ချင်ပါသည်

,
မြေမြိုလို့ လူမျိုးမပြုတ်၊ လူမြိုမှ လူမျိုးပြုတ်မည် ဆိုတဲ့ စကားတခွန်း ကြားဖူးတယ်။ အခုလည်း ကေအိုင်အေ၊ ကေအိုင်အိုအဖွဲ့ရဲ့ လုပ်ရပ်တွေက ဒီပုံစံ ဖြစ်နေတယ်။
ကေအိုင်အေ/ကေအိုင်အိုအဖွဲ့နဲ့ အစိုးရစစ်တပ်တွေ တိုက်ပွဲစဖြစ်ခဲ့တဲ့ ၂၀၁၁ ဇွန်လကနေ ၂၀၁၂ နှစ်ကုန်ပိုင်းအထိ ဖြစ်ခဲ့တဲ့တိုက်ပွဲတွေကို ပြန်ကြည့်မယ်ဆိုရင် ကေအိုင်အေဘက်က တစ်ဖက်သတ်ဆန်လွန်းနေတာတွေ့ရတယ်။ ဘာကြောင့် ကျိန်းသေဒီလိုပြောရသလဲဆိုရင် စစ်တပ်က စစ်တိုက်နေတာ ပျော်လို့စစ်တိုက်နေတာ၊ လက်တည့်စမ်းသဘောမျိုး စစ်တိုက်တာမဟုတ်ဘူး။ သူတို့စစ်တိုက်နေရတာ ရည်ရွယ်ချက်ရှိတယ်။ အဲဒါက နယ်မြေတည်ငြိမ်အေးချမ်းဖို့၊ ဒေသပြည်သူများရဲ့ ဘ၀တွေလုံခြုံအေးချမ်းစေဖို့၊ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်စေဖို့စတဲ့ အချက်တွေကြောင့် ဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ချီပြီး ပြောရရင်တော့ လွတ်လပ်ရေးနဲ့အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲစေဖို့ပါ။ ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာစေဖို့အတွက်ပါ။
ဒါဆို ကချင်အဖွဲ့လို့ အလွယ်ခေါ်နေကြတဲ့ ကေအိုင်အေ၊ ကေအိုင်အိုအဖွဲ့ အနေနဲ့ စစ်တိုက်နေတာကရော ဘာအတွက်ပါလဲ။ နှစ်ပေါင်းများစွာ ကြားခဲ့ရတဲ့ ဟစ်ကြွေးသံကတော့ ကချင်လူထုကောင်းစားရေး၊ ကချင်ပြည်နယ်ထူထောင်ရေး၊ ကေအိုင်အေ၊ ကေအိုင်အိုအဖွဲ့ရယ်လို့ ဖွဲ့စည်းပြီး လက်နက်စွဲကိုင်ခဲ့တဲ့ ၁၉၆၀ ခုနှစ် ၀န်းကျင်လောက်ကနေ ဒီကနေ့အထိ ကချင်ပြည်နယ်နဲ့ ကချင်လူထုကို ဘာများ ကောင်းကျိုးပေးခဲ့ပါသလဲ။ မှတ်မှတ်ရရ ဘာအကျိုးများ ပြုခဲ့ပါသလဲ။
အတိုင်းအတာတစ်ခုအထိတော့ ကောင်းကျိုးတစ်ခု ပြုခဲ့ဖူးပါရဲ့။ အဲဒါက ၁၉၉၄ ခုနှစ်မှာ တပ်မတော်အစိုးရရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကြောင့် ငြိမ်းချမ်းရေး ရယူ ခဲ့တာပါပဲ။ အစိုးရက ဒီအဖွဲ့ကို ကချင်ပြည်နယ်၊ အထူးဒေသ ၂ အဖြစ် သတ်မှတ်ပေးပြီး စီးပွားရေးတွေ လုပ်ပိုင်ခွင့်ပေးခဲ့ပြီး ပြည်နယ်နဲ့ ဒေသခံတွေရဲ့ အကျိုးကို ပူးပေါင်းဆောင်ရွက်စေခဲ့တယ်။ အစိုးရဘက်က ငြိမ်းချမ်းရေးအတွက် တစ်ဘက်သတ်လိုက်လျောမှုတွေနဲ့ စီးပွားရေးတွေ လုပ်ကိုင်ခွင့်ပေးလိုက်လို့ ကျွန်းသစ်၊ ကျောက်စိမ်း၊ ပတ္တမြား စတဲ့ လုပ်ငန်းတွေနဲ့ ကေအိုင်အေ၊ ကေအိုင်အိုအဖွဲ့ ကောင်းစားနေချိန်မှာရော ကချင်လူမျိုးကောင်းစားရေးအတွက် ဘာများ လုပ်ကိုင် ပေးခဲ့ပါသလဲ။
ဘာပဲဖြစ်ဖြစ်ပါ၊ ဘာမှ မလုပ်ပေးသည့်တိုင် လူထုကို ဒုက္ခမပေးခဲ့တာပဲ စိတ်ချမ်းသာရပါပြီ။ ဒီလိုလေးပဲ အေးအေးချမ်းချမ်းလေး နေသွားရလို့ ကျေနပ်လှပါပြီလို့ ဖြည့်တွေးခဲ့ကြပါတယ်။ ဒါပေမယ့် လုပ်ပိုင်ခွင့်တွေကြောင့် ဓနအင်အားနဲ့ လျှို့ဝှက်စစ်သားစုဆောင်းခဲ့လို့ အင်အားတောင့်တင်းလာတဲ့အချိန်မှာ လက်နက်ဆွဲကိုင် သောင်းကျန်းပါရောလား၊ မြစ်ဆုံကိစ္စ၊ တာပိန်ရေအားလျှပ်စစ်ကိစ္စ၊ ဘာကိစ္စ၊ ညာကိစ္စတွေ အကြောင်းပြပြီး အစိုးရကို ဆန့်ကျင်တိုက်ခိုက်တယ်။ အစိုးရက အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးကမ်းလှမ်းတယ်။ ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးမှုတွေ ကျင်းပပြီး လိုက်လျောမှုတွေ ဖြေလျော့ပေးခဲ့တာလည်း ငြင်းဆန်ခဲ့တယ်။ သူတို့ကန့်ကွက်တဲ့ စီမံကိန်းတွေ ရပ်ဆိုင်းပေးခဲ့တယ်။ ဒါလည်း မရဘူး။
ဒါကြောင့်ပဲ တကယ့်အမှန်တရားရဲ့ အကြောင်းပြချက်ကတော့ မြစ်ဆုံကိစ္စ၊ တာပိန်ကိစ္စ မဟုတ်လောက်ပေဘူးလို့ အားလုံးက တွက်ဆလိုက်ကြတယ်။ တွင်းထွက် သယံဇာတရတနာတွေ ပေါ်ကြွယ်ဝလှတဲ့ ရတနာမြေကို အပိုင်စီးချင်တာက အကြောင်းအရင်းမှန်တရားဖြစ်ပါတယ်။ အခုပဲကြည့် ဖားကန့်ရတနာမြေကို စီးပွားရေး သမားတွေမနေရဲအောင်၊ လူတွေမလာရဲအောင် လက်နက်အားကိုနဲ့ အကြမ်းဖက် တယ်။ စစ်သားတွေ အဓမ္မစုဆောင်းလိုက်တာ မိန်းမတွေတောင်မချန်ဘူး။ ဆက်ကြေး တွေ အတင်းကောက်တယ်။ ကောက်တဲ့ ဆက်ကြေးက ကျပ်သိန်းခြောက်ထောင်တဲ့။ ဒါက ဖားကန့်တစ်ခုတည်းမှာကို ကောက်တာ။ ကျန်တဲ့နေရာတွေ မပါသေးဘူး။ လူတွေကြောက်ပြီး ပြေးကြတော့ ဖားကန့်မြေကို အပိုင်စီးပါရော။ ဒါတွေက ကေအိုင်အေ၊ ကေအိုင်အိုအဖွဲ့ စစ်တိုက်နေရတဲ့ အကြောင်းအရင်းပေပဲလား။ ရည်ရွယ်ချက်လေလား။
ဘယ်မှာလဲ ကချင်လူထုကောင်းစားရေး၊ ကချင်တိုင်းရင်းသားများအပါအ၀င် ဒုက္ခသည်ပေါင်း တစ်သိန်းကျော် ကိုယ့်ရပ်ရွာစွန့်ပြီး စားရမဲ့ သောက်ရမဲ့ဖြစ်နေရတဲ့ ဘ၀တွေက ကချင်လူမျိုးတွေ ကောင်းစားနေတယ်လို့ ဘယ်လိုပြောရမလဲ။ ကချင်အဖွဲ့ စိုးမိုးရာဒေသမှာပဲ ဒုက္ခသည်ပေါင်း သောင်းချီပြီး ရှိနေတယ်။ ဒီအဖွဲ့တွေကို ကေအိုင်အေက ထောက်ပံ့စောင့်ရှောက်ထားပါသတဲ့။ လူတစ်ယောက်ကို ဆန်နို့ဆီဘူးနှစ်ဘူးတောင်မှ ပေးတစ်ရက်၊ မပေးနှစ်ရက်ဖြစ်နေ တာ ထောက်ပံ့တယ်လို့ခေါ်ရမှာလား။ အစိုးရတပ်တွေနဲ့ တိုက်ပွဲဖြစ်တဲ့အခါ အဲဒီဒုက္ခသည်တွေကို ရှေ့တန်းတင်ပြီး လူထံတိုင်းအဖြစ်ကာရံတာတွေ၊ ရွာသူ၊ ရွာသားတွေကြားထဲပြေးဝင်ပြီး လူကြားထဲကနေ စစ်တပ်ကို ပစ်ခတ်၊ စစ်တပ်က ပြန်ပစ်တဲ့အခါ အပြစ်မဲ့လူထုကို ထိမှန်စေဆိုတဲ့ လုပ်ရပ်တွေက ကချင်လူထု ကောင်းစားရေးတဲ့လား။
ကာလမ်း၊ ရထားလမ်းတွေကို မိုင်းခွဲဖျက်ဆီးတာကရော ကချင်လူထုကောင်းစား ရေးပဲလား။ ကေအိုင်အေ၊ ကေအိုင်အိုတို့ရဲ့ အဖျက်လုပ်ရပ်တွေကို စစ်တမ်းကောက်ရ သလောက် စုစည်းမိတာတွေကို အများသိအောင် ဖောက်သည်ချပြချင်တယ်။ ၂၀၁၁ ဇွန်လကနေ ၂၀၁၂ ဒီဇင်ဘာလကုန်အထိ ကေအိုင်အေက ရထားလမ်းတွေကို မိုင်းခွဲ တိုက်ခိုက်ခဲ့တဲ့ အကြိမ်ပေါင်းက ၅၅ ကြိမ်တောင်ရှိတယ်။ ကားလမ်းနဲ့ တံတားတွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တဲ့ အကြိမ်တွေကိုပါ ထည့်ပေါင်းလိုက်ရင်တော့ မိုင်းခွဲတိုက်ခိုက်မှု အပေါင်းက ၁၀၀ ရှိတယ်။ ဒါက စစ်တမ်းကောက်မိသလောက် ပြောတာနော်။ ဒီထက် တောင်မှ များနိုင်ပါသေးတယ်။
အဲဒီအထဲက ဒုက္ခရောက်နေတဲ့ ဒေသခံတွေအတွက် ရိက္ခာနဲ့ဆေးဝါးတွေ ပေးပို့တဲ့ ယာဉ်တန်းတွေကို တိုက်ခိုက်ခဲ့တာကတော့ မိုက်ရိုင်းလွန်းကြီးပါတယ်။ ဒီပစ္စည်းတွေက စစ်တပ်အတွက် မဟုတ်ဘူး။ လူထုအတွက်ပါ။ ဒေသအတွက် စားနပ် ရိက္ခာနဲ့ အသုံးအဆောင်ပစ္စည်းတွေပေးပို့ခဲ့တဲ့ ကုန်ရထားကိုလည်း မိုင်းခွဲတိုက်ခိုက်တယ်။ ဒီပစ္စည်းတွေကလည်း စစ်တပ်ပိုင်တဲ့ အရာတွေမဟုတ်ဘူး။ ပြည်သူပိုင်ပစ္စည်းတွေဖြစ်ပါတယ်။ ပို့ဆောင်ရေးလမ်းကြောင်းတွေ ပိတ်ဆို့အောင် အမျိုးမျိုးတိုက်ခိုက်နေတာကလည်း မရေတွက်နိုင်အောင်ရှိပါတယ်။
တကယ်တော့ ဒါတွေဟာ မလုပ်ကောင်းတဲ့အရာတွေပါ။ ဒုက္ခရောက်နေတဲ့ ဒေသခံတွေ၊ အကူအညီတွေ လိုနေတဲ့ ပြည်သူတွေအတွက် ပွင့်လင်းရာသီမှာ လမ်းတွေပြုပြင်မယ်။ တံတားတွေဆောက်မယ်။ စားနပ်ရိက္ခာတွေ ပို့ပေးမယ်။ ဒီလို လုပ်ဆောင်ရာမှာ ကေအိုင်အေ၊ ကေအိုင်အိုအဖွဲ့အနေနဲ့ မနှောင့်ယှက်ကြဘဲ ၀ိုင်းဝန်း အကူအညီပေးကြပါရန်လို့ အောက်တိုဘာ ၃၀ ရက်နေ့က ရွှေလီမှာကျင်းပတဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ မပခတိုင်းမှူးက ကေအိုင်အေ၊ ကေအိုင်အိုခေါင်းဆောင်ပိုင်းတွေ ကြိုတင်မေတ္တာရပ်ခံ ပန်ကြားထားခဲ့ပြီးဖြစ်ပါတယ်။ ဒါနဲ့များတောင် ကိုယ့်လူမျိုး စားဝတ်နေရေး အခက်တွေ့အောင် အဖျက်လုပ်ငန်းတွေ လုပ်ရပ်လေခြင်း။
ကိုင်း ကေအိုင်အေ၊ ကေအိုင်အိုရဲ့ အဖျက်လုပ်ရပ်နဲ့ စစ်တိုက်နေတာဟာ ကချင် ပြည်နယ်၊ ကချင်လူမျိုးကောင်းစားရေးဆိုတာ ဟုတ်ရဲ့လားဆိုတာ သုံးသပ်ကြပါဦး။ ဒီပြည်တွင်းစစ်ကြောင့် ဒေသခံတွေလည်း ဒုက္ခတွေ ပင်လယ်ဝေရတယ်။ နှစ်ဖက် အဖွဲ့အစည်းကလူတွေလည်း သေကြရတယ်။ ဒီလူတွေက ဘယ်သူတွေလဲ၊ မြန်မာ လူမျိုးတွေလေ။ နိုင်ငံတော်သမ္မတကြီးက ပြောဖူးတယ်။ ကချင်တပ်သားတစ်ယောက် ဆုံးရှုံးခြင်းကလည်း တိုင်းပြည်ရဲ့ ဆုံးရှုံးမှုပါတဲ့။ ဒါကြောင့် ငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်နေလေရဲ့။ တပ်မတော်ဆိုတာ နိုင်ငံတော်အစိုးရ၊ တစ်နည်းအားဖြင့် သမ္မတဦးဆောင်မှုအောက်မှာရှိတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တယ်။ တပ်မတော်ရဲ့ ထူးခြားတဲ့ဝိသေသအတိုင်း အမိန့်နာခံတတ်မှု အပြည့်ရှိတယ်။ သမ္မတရဲ့ အမိန့်အတိုင်းပဲ ဆောင်ရွက်ခဲ့တယ်။
ဒီနေရမှာ ခုခံကာကွယ်မှုဆိုတဲ့နေရာမှာ နှစ်မျိုးရှိတယ်။ တစ်ခုက မိမိအတွက်၊ နောက်တစ်ခုက ပြည်သူလူထုအတွက်။ ပြည်သူလူထုကို ကိုယ့်ရှေ့မှာ ဒုက္ခပေးနေတဲ့ အဖျက်လုပ်ရပ်တွေ၊ ပြည်သူ့အကျိုးစီးပွားကို ထိခိုက်နစ်နာစေမှုရှိလာရင် ပြည်သူ့ရှေ့က မားမားမတ်မတ်ရင်ဆိုင်ဖြေရှင်းပေးရမယ်။ ကာကွယ်စောင့်ရှောက်ပေး ရမယ်။ ဒီလိုကာကွယ်စောင့်ရှောက်ရာမှာလည်း ပေါ့ပေါ့တန်တန်သဘောမျိုး မလုပ်ဘဲ အသက်စွန့် ပေးဆပ်ပြီး လုပ်ကြရတယ်။ ဒါဟာ တပ်မတော်ရဲဂုဏ်ရည်နဲ့ အစဉ်အလာ ကောင်းတွေလည်းဖြစ်ပါတယ်။ ပြည်သူလူထုနဲ့ တိုင်းပြည်အပေါ်မှာ ထားရှိတဲ့ တပ်မတော်ရဲ့ သစ္စာစောင့်သိမှုတရားတွေပါ။
ကေအိုင်အေ၊ ကေအိုင်အိုအဖွဲ့မှာတော့ ဒီလိုစိတ်ဓာတ်မျိုးနဲ့ ဒီလိုလုပ်ရပ်မျိုး ရှိလိမ့်မယ် မဟုတ်ဘူးလို့ ရဲရဲကြီး ပြောရဲတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ သမိုင်းကြောင်းတစ်လျှောက်လုံးမှာ မကောင်းတဲ့ အဖျက်လုပ်ရပ်တွေနဲ့ လူထုကို ဒုက္ခတွေပေးနေခဲ့တာ အထင်အရှားရှိနေလို့ပါပဲ။

source:SGF

0 comments to “ပေတစ်ရာဆီလျှောက်ပါလို့ မြင်သလောက် ပြလိုက်ချင်ပါသည်”

Post a Comment