Wednesday, November 13, 2013

ဖုန်း Bill ဖြည့်မရဖြစ်နေပါသလား!!!!!

,


ခုတလော ငွေဖြည့်မရတာ၊ ငွေလွဲပို့ရင်မရောက်တာတွေ တော်တော်များများ
ကြားလာရ ပါတယ်။ ရောင်းသူနဲ့ ဝယ်သူကြားမှာတစ်ယောက်နဲ့တစ်ယောက် သံသယ စိတ်တွေဝင်ပြီး ပြဿနာ တက်ရတာလဲ ဖုန်းဆိုင်တိုင်း
၊ငွေဖြည့်ကဒ်ရောင်းသူတိုင်း ဖုန်းကိုင်ဆောင်သူတိုင်း ကြုံခဲ့ပြီးသားဖြစ်မှာပါ။

ဒီပြဿနာမှာ ဝယ်သူရော ရောင်းသူရော မမှားကြပါဘူး။ ဝယ်သူနဲ့ရောင်းသူ
ကြားထဲက သံသယ စိတ်တွေကင်းစေဖို့ သက်ဆိုင်ရာ sever ဖုန်းကိုခေါ်ဆို
မေးမြန်းခြင်းဖြင့် သိရှိ နိုင်ပါတယ်။

ငွေဖြည့်ကဒ် error များအတွက် ဆက်သွယ်ရန် ဖုန်းနံပါတ်များ...

GSM/WCDMA ကဒ်များအတွက် 01-555476

CDMA 800 MHz(73 ဖြင့်စသော)၊450 MHz ကဒ်များအတွက် 09-73111111

1500 Ks CDMA 800(MEC Tel) ကဒ်များအတွက် Call Canter -1212

Ytalk international calling card များအတွက် 09-73174871

အထက်ဖော်ပြပါ ဖုန်းများမှ သက်ဆိုင်ရာ ဖုန်းများ သို့ ခေါ်ဆို၍ မေးမြန်းနိုင်
ပါသည်။

သက်ဆိုင်ရာဖုန်းကိုဆက်ပီးတော့ ဖြစ်နေတဲ့ အကြောင်းအရာကိုပြောပြပါ၊ serial no. တောင်းပါလိမ့်မယ်။ error ဖြစ်နေတဲ့ bill ကဒ် အပေါ်က serial no. ကိုပြောပြလိုက်ပါ။

အသုံးမပြုရသေးဘူးဆိုရင် အသုံးမပြုရသေးပါဘူးပြောပြီးတော့ သုံးပြီးသားဆိုပါက ဘယ်နေ့ ဘယ်အချိန်က ဘယ်ဖုန်းနံပါတ် ကို ငွေဝင်သွားပါပြီဆိုတာကို တိတိကျကျ ပြောပြပါလိမ့်မယ်။

ဝယ်သူ နဲ့ ရောင်းသူ ကြား သံသယ စိတ်တွေ ကင်းရှင်းကြပါစေ။

Bo Bo Ko ( MM Social Sky )
Read more →

ဆူညံသံတွေ လျှော့ပေးပါ

,
per_snttspp_SPMယနေ့ ကမ္ဘာကြီးတွင် ရေထုလေထု ညစ်ညမ်းမှု၊ ရေဒီယို သတ္တိကြွ အန္တရာယ်၊၊ အိုဇုန်းလွှာကိစ္စ၊ စက်ရုံအလုပ်ရုံ မော်တော်ယာဉ်နှင့် အဆိပ်ငွေ့ ပြဿနာ၊ ပင်လယ်ပြင် ညစ်ညမ်းမှု၊ သောက်သုံးရေ မသန့်ရှင်းမှု စသည့် ပြဿနာ အရပ်ရပ်သည် လူသားများနှင့် သက်ရှိ သတ္တဝါများ သက်ရှည် ကျန်းမာမှုကို ဆိုးဆိုးဝါးဝါး စိန်ခေါ်နေကြပါသည်။ အဆိုပါ သိသာထင်ရှားသော ဘေးဒုက္ခများအပြင် ထင်သာမြင်သာ မရှိဘဲ ဒုက္ခပေးနေသော အန္တရာယ်ဆိုး တစ်ရပ်လည်း ရှိနေသေး၏။ ဤသည်ကား ‘ဆူညံသံ’ အန္တရာယ်ပင် ဖြစ်ပါသည်။

ဆူညံသံတွေ လျှော့ပေးပါ

By Administrator - Tue Nov 12, 8:06 pm
လူသားများနှင့် သက်ရှိသတ္တဝါ အားလုံးကို ကျန်းမာရေး ထိခိုက်စေသော ‘ဆူညံသံ’ ၏ အတိမ်အနက် စွမ်းပကားကို သိသာနိုင်ရန်၊ ဆင်ခြင်နိုင်ရန်၊ တားဆီး ကာကွယ်နိုင်ရန် အရေးကြီးပါသည်။ လူသားတို့၏ ကျန်းမာရေးသာမက၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုကိုပါ အကြီးအကျယ် ဒုက္ခပေးနေသော ‘ဆူညံသံ’ ဆိုသည်ကို သိပ္ပံပညာရှင် သုတေသီများက စနစ်တကျ လေ့လာသုံးသပ် အဖြေထုတ်ထားပြီး ဖြစ်ပါ၏။ အသံအတိုးအကျယ် တိုင်းတာသည့် စကေးကို Decibel ဟု သတ်မှတ်ထားရာ ၁ D သည် သာမန်လူတို့ အတိုးဆုံး ကြားရသည့် အသံဖြစ်၏။ ၇၀ D ကိုနေ့စဉ် ရက်ဆက် ကြားနေရလျှင် စိတ်ရောဂါ စတင်ရစေနိုင်၏။ ၈၀ D ထက်ကျော်လျှင် နားကို စတင်ဒုက္ခပေး၏။ ယနေ့ စိတ်ရောဂါ ဝေဒနာရှင်အားလုံး၏ သုံးပုံတစ်ပုံနှင့် ခေါင်းကိုက် ဝေဒနာရှင် အားလုံး၏ ငါးပုံတစ်ပုံမှာ ဆူညံသံကြောင့် ဖြစ်ကြရ၏။ အချို့သတ္တဝါ ငယ်လေးများသည် ၁၇၅ D ရှိသော အသံများကြောင့် သေဆုံးကြရ၏။ ထိုထက် ကြောက်စရာ ကောင်းသည်မှာ ဆူညံသံသည် သတ္တဝါတို့၏ အာရုံကြောများ၊ မျိုးပွားအင်္ဂါစုများ၊ ဟော်မုန်းဓာတ် ထုတ်သည့် အကျိတ်များကို ထိခိုက်ပျက်စီး စေနိုင်သည့်အပြင် ကိုယ်ဝန်ဆောင် မိခင် ဝမ်းတွင်းရှိ သန္ဓေသားငယ်၏ ဦးနှောက်ကိုပင် မိခင်ကြားရသော ဆူညံသံများက ဒုက္ခရောက်စေနိုင်၏။
ခံနိုင်ရည် အတိုင်းအတာ ပမာဏထက် ပိုမိုကျယ်လောင်သောအသံ တစ်မျိုးမျိုးကို အချိန်ကြာကြာ ဆက်တိုက် ကြားလာရသည် ရှိသော် ကိုယ်အင်္ဂါ အစိတ်အပိုင်း အချို့တွင် နာကျင်ပျက်စီး စေသကဲ့သို့ စိတ်ဖောက်ပြန်မှု ဝေဒနာအထိ ဖြစ်စေနိုင်ကြောင်း သိပ္ပံသုတေသီများ ဖော်ထုတ်ထားပါသည်။ မရပ်မနား ဆူညံနေသော အသံသည် ခန္ဓာကိုယ် သွေးကြောများကို ကျဉ်းမြောင်းစေ၍ သွေးအသွားအလာ ချွတ်ယွင်းပြီး အသားအရေ ဖြူဖတ်ဖြူလျော် ဖြစ်စေခြင်း၊ ကြွက်သားများ မာကြောကာ ညောင်းညာ ကိုက်ခဲစေခြင်း၊ မူးဝေခြင်းနှင့် စိတ်သောက ရောက်စေခြင်းများကို ဖြစ်ပွားစေပါသည်။ အထူးသဖြင့် မြည်လိုက် ပျောက်လိုက် ဆူညံသံမျိုးသည် ထိတ်လန့်ရောဂါ၊ စိတ်ဓာတ်ကျခြင်း၊ စိတ်ရှုပ် စိတ်တိုခြင်းတို့ကို ဖြစ်စေကာ လုပ်ငန်း စွမ်းဆောင်ရည် ကျဆင်းခြင်း၊ မတော်တဆ ထိခိုက်မှု များလာခြင်း စသည်တို့ ဖြစ်စေနိုင်သည်ဟု ဆိုပါ၏။
မိမိတို့ နိုင်ငံတွင် အသံချဲ့စက်ကို အတိုင်းအဆမရှိ၊ နေရာမရွေး၊ အချိန်မရွေး ကျယ်ကျယ်လောင်လောင် အဆက်မပြတ် ဖွင့်လေ့ရှိသည့် ပုဂ္ဂိုလ်များကို အထူးသိစေချင် ပါသည်။ မိမိအဆင်ခြင် ကင်းမဲ့မှုသည် ပတ်ဝန်းကျင်ကို အသံဖြင့် ညှဉ်းပန်းနှိပ်စက် ဒုက္ခပေးနေခြင်း ပါတကားဟု အသိတရားရစေ လိုပါသည်။
လူတို့၏ အော်ဟစ်သံကို ၁၀၀ D သတ်မှတ်ထားပါ၏။ သို့ဖြစ်ရာ အသံချဲ့စက်၏ ပုံမှန်ဖွင့်ထားသံမှာ ၁၀၀ D အောက်သို့ ရောက်နိုင်ဖွယ်မရှိ။ ယခင် ခေတ်ကာလကမူ ယခုလောက်လည်း လူဦးရေ မစိပ်သေး၊ ယခုလို များများစားစား နေရာတကာ အသံချဲ့စက်ကို စည်းမဲ့ကမ်းမဲ့ ဖွင့်ချင်တိုင်းဖွင့် ပုံမျိုးမရှိခဲ့သဖြင့် ကျန်းမာရေး၊ လူမှုရေးဆိုးဆိုး ဝါးဝါးမထိခိုက်နိုင်ဟု ယူဆရ ပါသည်။ ယခုကာလတွင်မူ တော်တော်များများ ဒုက္ခတွေ့ကာ အကာအကွယ် မဲ့ဖြစ်နေကြပါ၏။ ဆူညံသံကြောင့် ဘေးအန္တရာယ် ကြုံရပါပြီဟူ၍ တိတိပပ တိုင်ကြားရမှာလည်း အခက်အခဲတစ်ရပ် ဖြစ်နေပါ၏။ အရေးယူနိုင်သည့် ဥပဒေ တိတိကျကျ ပြဋ္ဌာန်းပေးလျှင် ကောင်းလေစွဟု တောင့်တမိသည်။ ပြဿနာများ ကြီးထွားမလာမီ ဥပဒေဖြင့် ကြိုတင်ကာကွယ် တားဆီးနိုင်လျှင် သင့်မည်ထင်ပါ၏။ ဥပမာ – အမေရိကန် နယူးယောက်မြို့တော်တွင် ရေဒီယိုဖွင့်ခြင်း၊ ရုပ်မြင်သံကြား ဖွင့်ခြင်း၊ တူရိယာ တီးမှုတ်ခြင်းတို့ကို ညဆယ့်တစ်နာရီမှ နံနက်ခုနစ်နာရီအတွင်း မပြုလုပ်ရန် အချိန် ကန့်သတ်ပေးထားသည့် ဥပဒေ ရှိခဲ့၏။ ပဲရစ်ကဲ့သို့သော အခြားမြို့ကြီး များ၌လည်း မော်တော်ယာဉ် မောင်းသူများကို ဟွန်းတီးခွင့် မပြုပေ။
မိမိတို့ မဟာမြန်မာနိုင်ငံကြီး တွင်မူ လွတ်လပ်ချင်တိုင်း အတိုင်းမသိ လွတ်လပ်နေကြသည်။ အသံချဲ့စက် (လော်စပီကာ) ကြီးများ ခေါင်မိုးထိပ်၊ သစ်ပင်ဖျားတွေပေါ် တင်၍ အသားကုန် ဖွင့်ကြသည်။ အလှူ၊ မင်္ဂလာဆောင်၊ ပွဲလမ်းသဘင်များ သာမက၊ အချို့အသုဘ ကိစ္စပါမချန် နားမခံသာအောင် ဖွင့်၏။ တစ်ရပ်ကွက်လုံး အိပ်မရ။ စကားပြောမရ။ တယ်လီဖုန်းသံ မကြားရ။ စာကျက်မရ။ သီလဆောက်တည်၊ ပုတီးစိပ်လို့မရ။ တီဗီ ဖွင့်ကြည့်ပြန်လည်း မကြားရ။ မရ-မရ-မရ။ တစ်နာရီမဟုတ်၊ နှစ်နာရီမဟုတ်။ တစ်ရက်မက၊ နှစ်ရက်မက၊ ခဏခဏ၊ ခဏခဏ။ လမ်းဆုံလမ်းခွ၊ ဈေးနားကျောင်းနား၊ ဘုရားနား၊ လူစည်ကားရာနေရာ။ အလှူခံမဏ္ဍပ် အသီးသီးမှာ အပြိုင်အဆိုင် သီချင်းတွေဖွင့်၊ အဝေးပြေး ကားလမ်းမကြီး အသီးသီးတွင် ရွာစဉ်ရွာဆက်၊ မြို့အဝင်အထွက်၊ ဆိုင်းဘုတ် အမျိုးမျိုးတင်၊ ခေါင်းစဉ် အမျိုးမျိုးတပ်၊ ဖွင့်လိုက်သမျှ အသံစုံ ကျယ်ကျယ်လောင်လောင်ကြောင့် ကားဟွန်းသံ မကြားရသဖြင့် ယာဉ်အန္တရာယ်လည်း ခဏခဏဖြစ်။ ဤဖြစ်စဉ် ဖြစ်ရပ်များသည် မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှု သင်္ကေတအဖြစ် အခေါ်ခံ သင့်ပါသလားဟု မေးခွန်း ထုတ်ဖွယ်ရာ ဖြစ်လာပါသည်။
အခြား အသံချဲ့စက်ရောဂါ ဖက်ရှင်အမျိုးမျိုးလည်း ရှိပါသေးသည်။ ‘ရွေ့လျားစပီကာ’ တပ်ဆင်ထားသော ပစ္စည်းကြော်ငြာ၊ ဆေးကြော်ငြာ ကားများ၊ ဗေဒင်ကြော်ငြာ၊ ထီကြော်ငြာကား၊ တွန်းလှည်းများ၊ သစ်သီးချဉ် လှည်းမှ လော်စပီကာ၊ ရေသန့် တွန်းလှည်း လော်စပီကာ စသည်ဖြင့် တစ်လောကလုံး ဆူညံပွက်လော ရိုက်နေ၏။ အလွန်အမင်း စိတ်မသက်မသာ ဖြစ်ကြရ၏။ တားဆီးပိတ်ပင် ပြန်လျှင်လည်း “သမ္မာအာဇီဝ လုပ်နေတာ၊ မကြားချင် နားပိတ်ထား” ဟု အပြောခံရဖို့ နီးစပ်၏။ ဒီကြားထဲ မော်တော်ဆိုင်ကယ် ဆူညံသံက တမှောင့်။ စီးခွင့်မရှိ ပိတ်ပင်ထားပါလျက် စီးတော့ ဘာဖြစ်သလဲ- လိုင်စင်နံပါတ်ပြားပင် မရှိသော လိုင်စင်မဲ့၊ ဦးထုပ် မပါရုံသာမက စွပ်ကျယ် လက်ပြတ်နှင့်တစ်မျိုး၊ ဘောင်းဘီတိုဖြင့် တစ်ဖုံ၊ သုံးယောက်တင်စီးပြီး ဟွန်းသံ တညံညံ၊ အိတ်ဇောသံ ဆူဆူညံဖြင့် ရိုင်းရိုင်းစိုင်းစိုင်း စည်းကမ်းမဲ့ သောင်းကျန်းနေသည်မှာ မင်းမဲ့တိုင်းပြည်အလား၊ တရားဥပဒေ စိုးမိုးမှုကို မိုက်မိုက်ကန်းကန်း စိန်ခေါ်နေခြင်းများ နိစ္စဓူဝ မြင်ရကြားရ စိတ်မချမ်းသာကိုယ် မကျန်းမာ ဖြစ်နေကြရပါသည်။
ပြည်သူလူထု အများစုမှာ စားဝတ်နေရေး၊ ပညာရေးအတွက် အချိန်ရှိသရွေ့ ကြိုးပမ်းနေရသော ခေတ်ဖြစ်ပါသည်။ တစ်နေကုန် စီးပွားရှာ၊ ညအချိန်ခါမှ အနားယူရ၏။ အချို့ ညဥ့်နက် သန်းခေါင်ကျော် အထိ အလုပ်ဆင်းကာ နေ့မှာသာ အိပ်စက် အနားယူရ၏။ ကျောင်းသူ ကျောင်းသားငယ်များ ကျောင်းနှင့် ကျူရှင် အပြေးသွား၊ အိမ်ရောက်မှ အချိန်လု စာကျက်ရရှာ၏။ အချို့ လုပ်ငန်းခွင်အပြန် အိမ်ရောက်မှ တီဗီလေးဖွင့်၊ သတင်း၊ သီချင်း၊ ဇာတ်လမ်းတွဲတွေ ကြည့်ပြီး အပန်းဖြေကြ၏။ အချို့ကမူ စာပေပရိယတ္တိ လေ့လာ၊ တရားဓမ္မနာယူ၊ သမထဝိပဿနာ အားထုတ် စသည်ဖြင့် အချိန်ကို တန်ဖိုးရှိစွာ အသုံးချကြ၏။ ထိုသို့သော အခြေအနေမျိုးကို စာနာ ထောက်ထားနိုင်မည့် အသိဉာဏ်မျိုး ကင်းမဲ့စွာဖြင့် ဆူညံသံ ဖန်တီးရှင်များသည် လူများစုကို လော်စပီကာ အသံမျိုးစုံဖြင့် ဒုက္ခမပေးသင့်ပါ။ မိမိအကျိုးစီးပွား ကွက်ကွက်လေး ကြည့်ပြီး စာနာစိတ် ခေါင်းပါးစွာဖြင့် ပတ်ဝန်းကျင်ကို စော်ကားနေမှုများ ရပ်နားသင့်ပါပြီ။
မလိုလားအပ်သော ဆူညံသံ ဟူသမျှသည် လူပုဂ္ဂိုလ် တစ်ယောက်ချင်းကို ဖြစ်စေ၊ မည်သည့် လူမှုရေး၊ ဘာသာရေး အဖွဲ့အစည်း မဆိုကိုဖြစ်စေ အနှောင့်အယှက် မဖြစ်စေသင့်ပါ။ အန္တရာယ် မပေးသင့်ပါ။ မိမိတို့ နိုင်ငံသည် သာသနာရောင်ဝါ ထွန်းသည်မို့ ဗြောသံစည်သံ တညံညံနှင့် ရှင်ပြုနားသ ဒုလ္လဘ ရဟန်းခံ၊ ကထိန်ခင်း၊ ပရိတ်တရား ပဋ္ဌာန်းတရား နာကြားခြင်း စသည်ဖြင့် ဓလေ့ဘာသာ စရိုက်လက္ခဏာများ စည်ပင်မြဲ၊ တိုးပွားမြဲ ရှိနေကြမည်သာ ဖြစ်ပါ၏။ မိမိကုသိုလ်သည် သူတစ်ပါး အတွက်လည်း ကုသိုလ်သာ ဖြစ်သင့်ပါသည်။ အကုသိုလ်အဖြစ် မရောက်စေသင့်။ မြန်မာ့ ဂုဏ်ကျက်သရေကို မြန်မာ့မူဟန် လှပထည်ဝါ ခံ့ညားစွာ စည်းစနစ်ရှိရှိ ထိန်းသိမ်း စောင့်ရှောက် သွားရမည်သာ ဖြစ်ပါ၏။
အချုပ်အားဖြင့်ဆိုရသော် ကမ္ဘာ့အလယ်တွင် တင့်တင့်တယ်တယ် နေချင့်စဖွယ် ယဉ်ကျေးသိမ်မွေ့သော အမိနိုင်ငံတော်ကို အရုပ်ဆိုး အကျည်းတန်စေသော ဓလေ့စရိုက်များ၊ ရဟန်းရှင်လူ ပြည်သူအများ၏ ကျန်းမာရေး၊ လူမှုရေးနှင့် ဂုဏ်သိက္ခာကို ထိပါးစေသည့် အကျင့်ပုံစံ ဟူသမျှ ပြည်သူအများ ကိုယ်တိုင်က အမြင်ကြည်လင် သဘောထား သန့်စင်စွာ စိစစ်ပယ်ဖျောက် တိုက်ဖျက် သွားသင့်ပါသည်။ တည်ငြိမ်အေးချမ်းသော မေတ္တာတရား၊ ကရုဏာတရား မုဒိတာပွား၍ မိမိအကျိုးသာမက နိုင်ငံတော် အကျိုးကိုပါ မင်္ဂလာရှိရှိ ထမ်းရွက် သယ်ပိုး သွားသင့်ပါသည်။ အများပြည်သူတို့၏ လူ့အခွင့်အရေးကို ထိခိုက်နစ်နာ အန္တရာယ် ပေးနိုင်သော ကိစ္စဟူသမျှ တရားဥပဒေကြောင်းဖြင့် စနစ်တကျ ကာကွယ်ပေးသင့်ပါကြောင်း သန့်စင်သော စေတနာဖြင့် တင်ပြလိုက်ရပါသည်။
ဆွေပြည်မင်း
မှီငြမ်း။
၁။ ဒေါက်တာတင်ထွန်းဦး၏ ပတ်ဝန်းကျင်နှင့် သင့်ကျန်းမာရေး
၂။ ဒေါက်တာအာလော၏ ကျွန်ုပ်တို့အတွက် ရေနှင့်လေ
Read more →

တုပ်ကွေးကို ဘယ်လို တိုက်ထုတ်ရမလဲ

,

ဒေါက်တာစွမ်း (ဆေး-၂) မေး။ ။ ဒေါက်တာခင်ဗျ၊ ကျွန်တော်တို့ တစ်အိမ်လုံး တုပ်ကွေး မိနေပါတယ်။ ကျွန်တော်ကနေ စဖြစ် လိုက်တာ အိမ်သူရော၊ သားတွေ၊ သမီးတွေပါ အကုန်လုံးကို ကူးကုန်တာ၊ အခုတော့ တစ်မိသားစုလုံး နေ မကောင်း ဖြစ်နေကြပါပြီ။ ကျွန်တော်ကတော့ ဆေးခန်း သွားပြလိုက်လို့ အပျောက် မြန်ပေမဲ့ ကျန် မိသားစုဝင် များကတော့ အိမ်မှာပဲ ဆေး ဝယ်သောက်ကြပါတယ် ဆရာ။ ဆေး ဝယ်သောက်တာ အဖျားဒဏ် တော့ သက်သာကြပေမဲ့ နှာစေး၊ ချောင်းဆိုးကတော့ အတော် ဆိုးပါတယ် ဆရာရယ်။ တုပ်ကွေးရဲ့လက်ကျန် နှာစေး၊ ချောင်းဆိုးကို ဘယ်လို တိုက်ထုတ်ရမလဲ။ တုပ်ကွေးကို ဘယ်လို တိုက်ထုတ်ရမလဲ ဆိုတာ သိချင်လို့ပါ။ ဦးဘုန်းမြင့် (တောင်ဒဂုံ)

ဖြေ။ ။ အခုလို ရာသီမှာ ကူးစက်မြန် ဗိုင်းရပ်စ်ရောဂါ ဖြစ်တဲ့ Influenza တုပ်ကွေး အဖြစ်များပါတယ်။ တုပ်ကွေး ဖြစ်နေ တဲ့သူ နှာစေး၊ ချောင်းဆိုးမှုက တစ်ဆင့် ရောဂါ ပြန်လည်ဆင့်ပွား သွားတာပါ။ ဒါကြောင့် ခုလို ရာသီမှာ ရုပ်ရှင်ရုံ၊ ကားဂိတ်၊ Shopping Centre လို လူစည်ကားရာ အရပ်တွေကို တတ်နိုင်သလောက် ရှောင်ရပါတယ်။ မရှောင်နိုင်လို့ သွားမယ် ဆိုရင်လည်း ကိုယ်ခံ အား ကောင်းစေဖို့ ဗီတာမင်စီ ဆေးများကို မှီဝဲပါ။ တုပ်ကွေး မိလာပြီဆိုရင် ချမ်းပြီး ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ ကိုယ်လက်ကိုက်ခဲ နာကျင်ခြင်း၊ လည်ချောင်းနာခြင်း၊ နှာစေးခြင်း၊ ခြေကုန်လက်ပန်း ကျခြင်း စသဖြင့် ဖြစ်တတ်ပါတယ်။ နှလုံး၊ သွေးတိုး၊ ဆီးချို၊ အဆုတ်စတဲ့ ရောဂါ ရှိသူတွေဟာ တုပ်ကွေးဖြစ်ရင် ဆေးခန်းမှာသာ ပြသသင့် ပါတယ်။ သာမန် လူငယ်လူရွယ် ဆိုရင်တော့ - (၁) ရက်အတန်ကြာ အနားယူပါ။ ဖျားနေစဉ် အလုပ် ဖိလုပ်ခြင်းက ဦးနှောက်စွမ်းအားကို ကျဆင်းစေ ပါတယ်။ Biogesic လိုဆေး မျိုး သောက်နိုင်ပါတယ်။ (၂) ရေ၊ ဓာတ်ဆား၊ ကြက်စွပ်ပြုတ်၊ ကြက်ပေါင်းရည် စတာတွေကို စားပေးပါ။ (၃) အကိုက်အခဲနှင့် နှာစေး၊ ချောင်းဆိုး ပျောက်ဆေးများကို ဆေးညွှန်းအတိုင်းသာ သောက်သုံးပါ။ နှာခေါင်းပိတ်ပါက ရေနွေး ပွက်ပွက် ဆူမှာ ပရုတ်ဆီထည့် ရှူနိုင်ပါတယ်။ လည်ချောင်း နာလျှင် ပျားရည်၊ သံပရာရည်ကို ရေနွေးနဲ့ဖျော် သောက်ပါ။ (ဆေးလိပ် မသောက်ပါနဲ့။ ဆေးလိပ်ငွေ့ ရှောင်ရှားပါ။) အကိုက်အ ခဲပျောက် ဆေးတွေကို နှာစေး၊ ချောင်းဆိုးပျောက် ဆေးတွေနဲ့ တွဲ မသောက် သင့်ပါ။ ဆေးချိန်များပြီး ဘေး တွေ့နိုင်ပါတယ်။ တုပ်ကွေးရဲ့ နောက်ဆက်တွဲ ချောင်းဆိုး သလိပ်ကျန်ခြင်း အတွက် Mybasin လို ငုံဆေး ထုပ်လေးတွေ ဆောင်ပါ။ ရင်ဘတ်ကို အအေးမိ မခံဘဲ နွေးနွေးထွေးထွေး ထားပါ။ သလိပ် ပိုများစေမယ့် အချိုလွန် အစားအ စာတွေ ရှောင်ပါ။ ။
Read more →

Specialist အထူးကု

,

ဆေးပညာဘွဲ့ ရပြီးတဲ့နောက် သူငယ်ချင်းတချို့ ဘွဲ့လွန် တက်ကြရတယ်။ တချို့ကြ တခြားနိုင်ငံ သွားပြီးတောင် ဘွဲ့ထပ် ယူနိုင်ကြသေးတယ်။ သူတို့အားလုံး အတော် ကြိုးစားကြရတာပါ။ စာကြိုးစားတာ တခုထဲတော့ ဘယ်ဟုတ်မလဲ၊ မရရအောင် လုပ်ရတဲ့ ကြိုးစားမှုတွေလဲ ပါရတာ။ ကံဆိုတာကလဲ လိုပြန်သေးတယ်။ အားလဲကျပါရဲ့၊ ကိုယ်မဖြစ်ရလို့ အများကြီးတော့ စိတ်မပျက်ပါ။ ခံစားမှုတော့ ရှိတာပေါ့။ ကိုယ်မဖြစ်တဲ့အခါ ခေတ်ကို ယိုးမယ်ဖွဲ့ဘူးတယ်။ အစောပိုင်း ကာလတွေတုံးကပါ။

ဆေးပညာဘွဲ့ ရပြီးတဲ့နောက် သူငယ်ချင်းတချို့ ဘွဲ့လွန်တက်ကြရတယ်။ တချို့ကြ တခြားနိုင်ငံ သွားပြီးတောင် ဘွဲ့ထပ် ယူနိုင်ကြသေးတယ်။ သူတို့အားလုံး အတော်ကြိုးစားကြရတာပါ။ စာကြိုးစားတာ တခုထဲတော့ ဘယ်ဟုတ်မလဲ၊ မရရအောင်လုပ်ယူရတဲ့ ကြိုးစားမှုတွေလဲပါရတာ။ ကံဆိုတာကလဲ လိုပြန်သေးတယ်။ အားလဲကျပါရဲ့၊ ကိုယ်မဖြစ်ရလို့ အများကြီးတော့ စိတ်မပျက်ပါ။ ခံစားမှုတော့ ရှိတာပေါ့။ ကိုယ်မဖြစ်တဲ့အခါ ခေတ်ကို ယိုးမယ်ဖွဲ့ဘူးတယ်။

အမှန်က ကျွန်တော်တို့ နိုင်ငံမှာ ကြိုးစားသလောက် မပေါက်နိုင်တာ ဆေးလောက တခုထဲတော့ မဟုတ်ဘူး။ ပညာရေးလောက တခုလုံးလဲမကဘူး။ ပိုပြီး သိသာတာက စီးပွါးရေး လုပ်တဲ့လူတွေ။ ကုန်ကုန်ရေးရရင် ကိုယ့်လယ်လေး၊ ယာလေး စိုက်ပျိုးစားသောက်သူတွေရော အကုန်ပါဘဲ။ ဒီတော့ ဘာလုပ်ကြရသလဲ။ ဗမာလူမျိုးတွေမှာ ထူးခြားတာတွေ ရှိတယ်။ အမှန်က လူမျိုးတိုင်းမှာလဲ ရှိကြတာပါဘဲ။ တူတော့ မတူကြဘူးပေါ့။ ကမ္ဘာ့သမိုင်းမှာ တချို့က စစ်အင်အားအရာမှာ ခေတ်ကြီးတခေတ် ပြောင်းသွားစေအာင် စွမ်းနိုင်ခဲ့သူတွေ ရှိခဲ့တယ်။ ယဉ်ကျေးမှုသစ်ကြီးကို စတင်နိုင်သူတွေရှိတယ်။ တချို့က ကိုယ့်အသက်ကို စွန့်ရဲတာမျိုးကို လူမျိုးတွေလိုက် ထင်ရှားခဲ့တယ်။

ဗမာပြည်ရဲ့ လွန်ခဲ့တဲ့နှစ် ၅ဝ ကျော်က သမိုင်းကို ဆန်းစစ်ရင် “မရှိအောင် လုပ်ထားတဲ့ ခေတ်ကာလ” ကို အတော်ကြီး ကြာအောင် ဖြတ်သန်းခဲ့ကြရာတာမို့၊ “မရှိတဲ့အထဲကနေ ဖြစ်အောင်လုပ်တဲ့အတတ်တွေ ထူးချွန်လာခဲ့တယ်။” အဟောင်း ပြင်ရာမှာ အကောင်းနဲ့တူအောင် လုပ်တတ်တယ်။ ဟိုပစ္စည်းမရှိရင် ဒီပစ္စည်းနဲ့ တည့်အောင် တန်အောင် လုပ်တတ်တယ်။ ဂျစ်ကား ဆိုပါတော့ ဒုတိယ-ကမ္ဘာစစ်က ပေါ်ခဲ့တာ။ နောက်ထပ်လဲ မသွင်းဘူး။ ကနေ့အထိ သုံးဖြစ်နေအောင် လုပ်နိုင်စွမ်း ရှိတယ်။ တချို့ဆို အသစ်လို ကောင်းနေအောင် တစီးလုံးကို ကိုယ့်ဖါသာလုပ်နိုင်တယ်။ (စပ်မိလို့ ပြောရအုံးမယ်။ Jeep ကို ဘာ့လို ဒီနာမယ်ပေးလဲ ဆိုတော့ (ဂျီ-ပီ)၊ Government Purpose (GP) ကနေ လာတာတဲ့။ ကျွန်တော်တို့ ဆရာဝန်တွေ အသုံး General practitioner (GP) နဲ့ မဆင်ပါလား။

ဆရာဝန်တွေလဲ အများနည်းတူ မဖြစ်ဖြစ်တဲ့နည်း လုပ်ကြရော။ တောရွာတွေမှာ ရောဂါတွေက တကယ့် (အင်မာဂျင်စီ) တွေ၊ (မေဂျာ) တွေ များမှများ။ ပေါမှပေါ။ ဆေးရုံကြီးတွေမှာဆို အထူးကုဆရာဝန်ကြီးတွေ၊ မမတွေ ကိုယ်တိုင် ကိုင်ရတာမျိုးတွေ။ မမဆိုတာ ပါမောက္ခ ဆရာဝန်မကြီးတွေကို ချစ်-ကြောက်-ရိုသေ ခေါ်ကြတာပါ။ "မာမီကြီး" လို့ မိခင်ဂုဏ်တင်ပြီးအခေါ်ခံရသူကတော့ ၁၅-၁၂-၂ဝ၁၂ နေ့က ၈၉ နှစ်မြောက်မွေးနေ့ကျင်းပသွားတဲ့ မန္တလေးထွက် ဆရာဝန် ကြီးငယ်တွေအတွက်တော့ သမားတော်ကြီး ဒေါ်မြင်မြင့်ခင်တယောက်သာ ရှိသေးတယ်။

တောမှာ တယောက်တည်း တာဝန်ကျတဲ့ ဆရာဝန်အဖို့ကတော့ ဘာအထူးကုမဆို ကိုယ်။ သွေးစစ်ချင်ရင် နေရောင် ထောင်ကြည့်။ ဆီးစစ်ဘို့ ကတော့ ပနယ်စလင် ပုလင်းခွံထဲထည့်။ အရက်ပြန်-မီးခွက်ဟာ ရွာထဲက သံဖြူဆရာ့ လက်ရာ၊ ကောင်းမှကောင်း။ အရက်ပြန်ကလဲရှားတော့ တောအရက် ဦးရေသည်သာ အားထားရာ။ (မီသိုင်လိတ်တက်) မဖြစ်လဲ မတတ်နိုင်ဘူး။ လျှပ်စစ်ဆိုတာ ဝေလာဝေး။ ခွဲဘို့စိတ်ဘို့ လိုသလား။ မြို့သာမှာ ဆီစက်ပိုင် (ဦးလှသောင်း) က ပဲတွေ နှမ်းတွေကို ခွဲလူနာလာချိန်ကျမှ စက်လည်ပေးတဲ့အထိ စေတနာကောင်းတာ။ အုပ်ချုပ်တဲ့လူတွေက အရာရာကို ရှားအောင်လုပ်တဲ့ ခေတ်မယ်၊ လူတွေက စေတနာ မရှားလို့ လူနာတွေ အကျိုးများရတယ်။

ထန်းပေါလှတဲ့အရပ်မှာ ထန်းလျောဆိုတာ လာလိုက်မှဖြင့် မသေရင် ခြေသလုံးကျိုး၊ ပေါင်ကျိုး။ ခါးကျိုး။ ယောနယ်မှာ ထန်းလျောတယ်ဆိုရင် ဘယ်နှစ်ယောက်လဲ မေးရတာ။ မြို့သာဖက်မှာလို စီးပွါးဖြစ် ထန်းလျက်ချက်ဘို့ ထန်းတက်တာ မဟုတ်ဘူး။ ယောသားတွေက ထန်းရေခါးကို ထန်းပင်ပေါ် လင့်စဉ်ထိုးပြီး တက်သောက်ကြတာ။ ကျပြီဆိုရင် တယောက် ဘယ်ကမလဲ။ မူးအတူ ကျိုးအတူ။

တတန်းထဲက တနှစ်တည်းအောင်တဲ့ သူငယ်ချင်းတယောက်က အင်္ဂလန်မှာ အရိုးအထူးကု လုပ်နေလေရဲ့။ ကျွန်တော်လဲ ကိုယ့်နေရာမှာကို အရိုးကို အထူးကုရတာပါဘဲ။ အရိုးအထူးကုဆိုတာ ပေါင်ကို အလေးဆွဲတတ်ရတာ။ လူကောင်ကြီးရင် အုတ်ခဲ ၄ ခဲ၊ သိပ်မကြီးရင် ၃ ခဲ၊ အတော်ဘဲ။ အုတ်ခဲတော့ နိုင်ငံခြားကမှာရတာ မဟုတ်ဘူး။ ကြိုးဆိုတာ နွားဖါးကြိုး အသစ်။ ဘယ်နှစ်ချောင်းလိုချင်လဲ။ ပေါင်အောက်နား ဒူးရိုးကို ကန့်လန့် ဖေါက်ထည့်ဘို့ သံချောင်း။ (ဆာဂျီကယ်-စတီးလ်) မှ လူ့ကိုယ်ကလက်ခံတာဆိုတော့၊ ဘယ်ကရမလဲ။ လိုလျင်ကြံဆ နည်းလမ်းရ။ ဘယ်ကာလက ရှိနေလဲမသိတဲ့ ကိုယ်ဝန် ဗိုက်တိုင်းတဲ့ ကရိယာ၊ မသုံးကြတော့တာ တွေ့ရော။ ခပ်ကွေးကွေး သံချောင်းတဖက်ကို ဖြုတ်၊ ဖြောင့်၊ သွေး၊ ချွန်၊ လိုသလောက် ဖြတ်။ ရရော့မဟုတ်လား။ အကျိုးက တယောက်မကဘူးလား၊ ရတယ်။ ဗိုက်တိုင်းကရိယာတခုမှာ သံချောင်းက နှစ်ချောင်းပါတာ။

ကျောင်းမှာ သင်ရတာချင်း အတူတူ၊ စာမေးပွဲအမှတ် ဖြစ်ဖြစ်၊ ကျောင်းပြီးလို့ နောက်ဆက်ဖြစ်ရတာဖြစ်ဖြစ်၊ တယောက်နဲ့ တယောက် မတူကြတော့ဘူး။ ကျယ်ပြန့်လှတဲ့ ဆေးပညာနယ်ပယ်ထဲက ဘာသာရပ်တခုခုကို ကွက်ပြီး သင်ယူလေ့လာလို့ အထူးကုလုပ်ရတာကလဲ ထူးခြားချက်လို့ မဆိုနိုင်ပါ။ “ဂျင်နရယ်လစ်” တွေထဲက “စပယ်ရှယ်လစ်” ဆိုတာကတော့ နဲနဲ ထူးသလိုရှိပါတယ်။ ဘာအထူးကုမှ မဖြစ်ကြရတဲ့ ကျွန်တော်တို့လို အကောင်းစားတွေအဖို့ တာဝန်ကျတဲ့ နေရာမျိုးတွေက မတူကြပြန်ဘူး။

ဆေးရုံကြပြန်တော့ ဆေးရုံကြီး၊ ဆေးရုံလတ်။ ဆေးရုံငယ်တွေ မတူသေးဘူး။ ဘွဲ့လွန်တက်ချင်ရင် ဆေးရုံကြီးကို ရောက်ဘို့ လိုတယ်။ ဆေးရုံလတ်ရောက်ရင် ကံမဆိုးဘူး။ လက်တွေ့နယ်မှာ ကူညီသင်ပြပေးမဲ့ ကိုယ့်အရင် ဆရာဝန်ဖြစ်သူတွေ ရှိတာကိုး။ အဲ့ ဆေးရုံငယ်လေးတွေကို တန်းရောက်သွားမှဖြင့်၊ သောင်ပြင်အလွှတ်ခံရတဲ့ အကောင်မျိုး ဖြစ်ရော။ မေးစရာလဲ အနားမှာမရှိ။ ဖတ်စရာ စာအုပ်ကလဲ သူများပေးလိုက်ပြီ။ အတ္တာဟိ အတ္တနော နာထော အစစ်။

ဝါသနာလို့ ပြောတာထက် တန်ရာတန်ရာ၊ သန်ရာသန်ရာ ဖြစ်ရတယ်လို့ဆိုတာ ပိုနီးစပ်မယ်။ သူငယ်ချင်း တချို့က ဆေးဝါးနဲ့ ကုရတာမှာသန်တယ်။ တချို့က ခွဲတာ-စိတ်တာမှာ သန်တယ်။ တချို့က “ပတ်ဘလစ်-ဟဲ့လ်သ်” ခေါ်တဲ့ ရောဂါကာကွယ်ရေး သန်တယ်။ အတူတူနဲ့ အနူနူထဲက တန်ရာ၊ သန်ရာတွေ ဖြစ်လာကြတယ်။ ဆေးကျောင်း ၇ နှစ်မှာ အတူတူချင်းပေမဲ့ နောက်မှာ ဘာလို့ မတူကြတော့တာလဲ။

ဗမာတွေက တိတိကျကျ ပြောမရတဲ့ ပစ္စည်းကို “ဓါတ်” ဆိုပြီး ခေါ်တယ်။ ဓါတ်ခဲ၊ ဓါတ်မီး၊ လိုမျိုးပေါ့။ လူ့ဘဝမှာ ရေရေရာရာ မသိဘဲ ဖြစ်လာတဲ့ အကျိုးတရားမျိုးကို ကံကြောင့်လို့ ပြောလေ့ရှိတယ်။ ဆေးပညာမှာတော့ ဖြစ်စေတတ်တဲ့ အကြောင်းရင်းကို သေသေခြာခြာ မသိတာကို Primary လို့ သုံးတယ်။ ဥပမာ သွေးတိုး ရောဂါမျိုး။ ရှင်းမပြတတ်တာကို X လုပ်လိုက်တယ်။ ၁၈၉၅ ကပေါ်ခဲ့တဲ့ X-ray ဓါတ်မှန်။ ဒီနောက် ၁၉၆ဝ မှာစပေါ်တဲ့ နာမယ်ကြီး ကာတွန်း၊ နောက် ရုပ်ရှင်ကိုလဲ X-men လုပ်တယ်။

အထူးကုမဟုတ်တဲ့ ဆရာဝန်တွေ တဖက်ဖက်မှာ ပိုပြီး ကြွမ်းကျင်လာတာမျိုးကို ဘယ်လိုပြောရင် အသင့်ဆုံးဖြစ်မလဲ။ ဆေးစကားနဲ့ ဆိုရင် Acquired က အနီးစပ်ဆုံးလို့ ထင်တယ်။ မိဘတွေဆီက ပါလာတာလဲ မဟုတ်။ ကံကြောင့်ချည်းလဲ မဟုတ်။ အကြောင်းတိုက်ဆိုင်ပြီး ဖြစ်ရတာမျိုး။ Acquired ဆိုတာ AIDS (Acquired Immune Deficiency Syndrome) ထဲက (အေ) ဆိုတဲ့ စကားလုံးကို ဆိုလိုတာ။ လုပ်လို့ ဖြစ်ရတဲ့သဘောလဲ ပါတယ်။ လက်ထောက်ဆရာဝန်ကို AS (Assistant Surgeon) လို့ခေါ်တာကို ကျွန်တော်က Acquired Specialist (AS) လို့ ရှာရှည်မိတယ်။

Dr. တင့်ဆွေ
၁၆-၁၁-ဝ၉ ကရေးသည်။
Read more →

ဒေါ်အောင်ဆန်းစုကြည်ဇာတာနှင့်မြန်မာပြည်အလားအလာ

,

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သမ္မတလုပ်လိုသောဆန္ဒရှိကြောင်း ထုတ် ဖော်ခဲ့ပါသည်။ ပြည်သူအများစုကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည် လေးစားမှုရှိသည့်အားလျော်စွာ သမ္မတ ဖြစ်စေလိုသောဆန္ဒအပြည့်အ၀ရှိကြပါ သည်။ တိုင်းရင်းသားများဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်သည် စစ်မှန် သော ဖက်ဒရယ်ပြည်ထောင်စုကို ထူ ထောင်ပေးမည်ဟုယုံကြည်ထားကြသဖြင့် ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေး ကို သိသိသာသာ ထောက်ခံအားပေး လျက်ရှိကြသည်။

ဤသို့အဘက်ဘက်မှ ထောက်ခံမှု အားကောင်းနေသော ဒေါ်အောင်ဆန်းစု ကြည်သည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ ကြီးအပြီး သမ္မတဖြစ်နိုင်ပါမည်လော။

ဤမေးခွန်းသည် ပြည်သူအများ လိုလိုလားလားသိလိုကြသော ဆန္ဒများ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးသည် ဒေါ်အောင်ဆန်းစု ကြည်ဇာတာတွင် သမ္မတဖြစ်နိုင်သော ဇာတာပါမပါ၊ လက်ရှိမြန်မာနိုင်ငံနိုင်ငံ ရေးရာသီဥတုနှင့် ကိုက်ညီမှုရှိ၊ မရှိ၊ ဤ အချက်များကို ခွဲခြမ်းစိတ်ဖြာပြီး ခြုံငုံ သုံးသပ်ကြည့်ပါက အလွယ်တကူ ပိုင်း ခြားဝေဖန်အဖြေမှန်သိနိုင်ပေလိမ့်မည်။

ဒေါ်အောင်ဆန်းစုကြည်၏ ထူးခြား ဆန်းပြားသောဇာတာကို လေ့လာကြည့် မည်ဆိုပါက ဒေါ်အောင်ဆန်းစုကြည်၏ လဂ်သည်မဟုတ်မခံတတ်သော၊အတိုက် အခိုက်အလွန်များသော၊ လေးပစ်ရန်ချိန် ရွယ်ထားသော ပုံပါရှိသည့် ဓနုလဂ်ဖြစ် သည်။ တနင်္လာဂြိုဟ်သည် ကန်ရာသီမှာ ရှိသောကြောင့် လဂ်ဆယ်တန့်ကိန်းအိမ် တွင် ကန်စန်းအဖြစ် ရပ်တည်သဖြင့် ကန် ကြာပေါက်သော ဇာတာဟုဆိုပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဓနုလဂ်မှ (၉) တန့်သခင်ဂြိုဟ်တနင်္ဂနွေဂြိုဟ်နှင့် (၁၀) တန့်သခင် ဗုဒ္ဓဟူးဂြိုဟ်သည် ပထနီ အိမ်တွင်း ပူးယှဉ်နေသောကြောင့်အလွန် အားကောင်းသော ဗုဒ္ဓတိဿရယုဒ်ရရှိ သည်။ ပထနီအိမ်ဖြစ်သော နိုင်ငံခြား ဂြိုဟ်အိမ်တွင် ဤယုဒ်ရရှိသူများသည် နိုင်ငံတကာအပေါ် သြဇာသက်ရောက်မှု ရှိခြင်းနှင့် နိုင်ငံတကာ၏ ချစ်ခင်လေးစား မှု အထူးခံရသော ဇာတာဖြစ်သည်။ ထို့ ကြောင့်ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်ဖြစ် ရုံမျှမက ကမ္ဘာ့နိုင်ငံအသီးသီးက ချီးမြှင့် သော၊ နိုင်ငံတကာ ဆုပေါင်းများစွာ ရရှိ ခဲ့ခြင်းပင်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ဇာတာတွင် လောကုတ္တရာဂြိုဟ်ကြီးများဖြစ်သော စနေဂြိုဟ်၊ ရာဟုဂြိုဟ်၊ ကြာသပတေး ဂြိုဟ်တို့သည် တစ်ခုနှင့်တစ်ခု အဆက် အသွယ်ပြုမှုအလွန်အားကောင်းသဖြင့် ဘာသာတရားကိုင်းရှိုင်းခြင်းနှင့် ဘာဝနာ တရားပွားများကာ တရားထူးတရားမြတ် ရရှိနိုင်သော ဇာတာဖြစ်သဖြင့် အသက် အန္တရာယ်မည်သို့ကြုံစေကာမူ ကယ်တင် မည့်သူ အဆင်သင့်ရောက်ရှိ လာမြဲဖြစ် သည်။ ဥပမာ စစ်အာဏာရှင် များလက် ထက်ဒေါ်အောင်ဆန်းစုကြည် ဖြတ်သန်း ခဲ့ရသောနိုင်ငံရေးခရီးကြမ်း တွင် ရန်သူ့ သတ်ကွင်းအကြိမ်ကြိမ်ကြုံ တွေ့ခဲ့သော် လည်း အသည်းတဖိုဖို ရင်တမမနှင့် အသက်ဘေးမှသီသီလေးလွတ်ခဲ့ရသည့် အကြိမ်ပေါင်းလည်း မနည်းတော့ပြီ။

ဒေါ်အောင်ဆန်းစုကြည်ဇာတာတွင် တနင်္လာဂြိုဟ်ရပ်တည်မှုကိုကြည့်ပါက ကိန်းအိမ်တွင် ကန်စန်းဖြစ်ပြီး ကန်ကြာ ပေါက်သောဇာတာဖြစ်သဖြင့် စိတ်ဓာတ် စွမ်းရည်မြင့်မားခြင်းနှင့် စိတ်တန်ခိုးလွန် စွာထက်မြက်သော ဇာတာဖြစ်သည်။ သူ တစ်ပါးအပေါ် မကောင်းသော စိတ်ထား ခြင်း၊အငြိုးအတေးအာဃာတကြီးခြင်းများ သည် မြူမှုန်မျှ မတွေ့ရသောဇာတာဖြစ် သည်။ မိမိအပေါ် တိုက်ခိုက်လာသမျှ အဆုံးစွန်ထိ သည်းခံနိုင်စွမ်းရှိသော်လည်း ဓနုလဂ် သဘာဝအရ အများပြည်သူ ကောင်းကျိုးအတွက် ထိခိုက်လာလျှင် ရဲရဲဝံ့ဝံ့ပြောရဲဆိုရဲသောသတ်္တိ အပြည့်အ၀ ရှိသော ဇာတာလည်းဖြစ်သည်။

အင်္ဂါဂြိုဟ်၏ ရပ်တည်မှုကို ကြည့် ပါက အင်္ဂါဂြိုဟ်သည် ကသစ်ဖြစ်သော် လည်း ပြခံနေသော သောကြာနှင့် ပူး ယှဉ်နေသည့်အပြင် အင်္ဂါဂြိုဟ်သည် နိပ် န၀င်းစီးထားပြန်ရာအင်္ဂါဂြိုဟ်၏မကောင်း သော ဆိုးကျိုးပေးခြင်းများကို ပြင်းပြင်း ထန်ထန်ခံစားရသော ဇာတာဖြစ်သည်။ ထိုကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်း သမီးဖြစ်သော်လည်း စစ်ဗိုလ်ချုပ်များ၏ ချစ်ခင်လေးစားမှုကို မခံစားရဘဲ ပြစ်တင် ရှုတ်ချမှုအမျိုးမျိုးကိုသာ ကြုံတွေ့ခဲ့ရ သည်မဟုတ်ပါလော။

ဒေါ်အောင်ဆန်းစုကြည်ဇာတာကို န၀င်းစီးအရ လေ့လာကြည့်ပါက အင်္ဂါ ဂြိုဟ်ဖြစ်သော စစ်ဂြိုဟ်သည် မိတ်ဂြိုဟ် မဖြစ်ဘဲရန်ဂြိုဟ်ဖြစ်နေသဖြင့်ဒေါ်အောင် ဆန်းစုကြည်သည် နိုင်ငံရေးလောကသို့ ၀င်ရောက်လာသည့်အချိန်အခါမှစ၍ စစ် အစိုးရ၏ နိုင်ငံရေးထိုးစစ်များကို ကြိမ်ဖန် များစွာ ကြုံတွေ့ခဲ့ခြင်းဖြစ်သည်။ ထို့ ကြောင့် ဒေါ်အောင်ဆန်းစုကြည်ဇာတာ တွင် တပ်မတော်နှင့် ဒေါ်အောင်ဆန်းစု ကြည်သည် တစ်သွေးတစ်သားတည်း စီး ဆင်းရမည့်အစား ဒေါင်းတစ်လမ်း စာ တစ်လမ်း တစ်လမ်းစီဖြစ်နေသောဇာတာ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးသည် ပြည်သူများမည်သို့ ထောက်ခံစေကာမူတပ်မတော်၏ထောက်ခံ မှုမရှိသော ဇာတာဖြစ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေး သည် အလှမ်းဝေးနေကြောင်း တွေ့ရပေ မည်။

အခြေခံဥပဒေအရကြည့်ပါကလည်း သမ္မတရွေးချယ်ခွင့်အခြေခံပုဒ်မ ၅၉ တွင် ပြဋ္ဌာန်းထားသော ““သမ္မတ၏ သားသမီး များသည် ပြည်ပနိုင်ငံသားအဖြစ် ခံယူ ထားသူမဖြစ်စေရ။ မိမိ၏ဇနီးမယား၊ ခင်ပွန်းလင်သားသည် နိုင်ငံခြားသား မဖြစ်စေရ””ဟူသော ပြဋ္ဌာန်းချက်သည် လည်း ဒေါ်အောင်ဆန်းစုကြည်သမ္မတ မဖြစ်နိုင်ရန် လုံးဝပိတ်ပင်တားမြစ်ချက် လည်း ရှိနေပေသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် သမ်္မတဖြစ်လိုသော ဒေါ်အောင်ဆန်းစု ကြည်သည် အထက်ပါပြဋ္ဌာန်းချက်များ ပြင်ဆင်ရန် အားသွန်ခွန်စိုက်ကြိုးပမ်းနေ သော်လည်း နောက်ဆုံးလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ပါက စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းသည် ဒေါ်အောင်ဆန်းစု ကြည်သမ်္မတမဖြစ်နိုင်ရေးထပ်မံတားဆီး ထားရာ ၂၀၁၅ ခုနှစ်တွင် ဒေါ်အောင် ဆန်းစုကြည်သမ္မတမဖြစ်နိုင်ရန် သော့ အထပ်ထပ်ခတ်ထားသကဲ့သို့ဖြစ်နေပေ သည်။

ဤသို့ဆိုလျှင် ဒေါ်အောင်ဆန်းစု ကြည်သည် သမ္မတဖြစ်ရေးလမ်းကြောင်း ပေါ်ဆက်လက်လျှောက်လှမ်းနေဦးမည် လော။ ကျရာနေရာ၊ ကျရာအခန်းကဏ္ဍ မှ ပေါင်းစည်းလက်တွဲကြလျက် မြန်မာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီ အစစ်အမှန်ရရှိရေးအတွက် ဆက်လက် ကြိုးပမ်းလုပ်ဆောင်နိုင်ဦးမည်လော။ ပြည်သူအများသည် ဒေါ်အောင်ဆန်းစု ကြည်၏ ဆုံးဖြတ်ချက်ကိုသာ မျှော် တလင့်လင့် နားစွင့်နေကြသည်။

ဒေါ်အောင်ဆန်းစုကြည်ဇာတာ၏ ထူးခြားချက်ကို ဆက်လက်လေ့လာကြည့် လျှင် အကောင်းဘက်သို့ ရောက်ချိန်နီး တိုင်းအဆိုးများနှင့် ကြုံတွေ့ရတတ်သည်။ အနီးကပ်ဆုံးရောက်ရှိနေသော ၂၀၁၃ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၁၄ ခုနှစ် ဇန်န ၀ါရီလတွင် မကောင်းသော ဂြိုဟ်စီးဂြိုဟ် နင်းများကျရောက်ချိန်တွင် ဂြိုဟ်သွားနှုန်း များလည်း ဖောက်ပြန်နေသဖြင့် ကံကြမ္မာ ဆိုးများ၊ အရေးအခင်းများ၊ ပေါက်ကွဲမှု များစသည့်မကောင်းသော ကံကြမ္မာတစ် ခုခု ရုတ်တရက် မထင်မှတ်ဘဲ ကြုံတွေ့ ရတတ်သည်။ ထိုအချိန်တွင် ဒေါ်အောင် ဆန်းစုကြည်သည် ကံမကောင်းသော အချိန်ဖြစ်သဖြင့် ရုတ်တရက်ကျန်းမာရေး ထိခိုက်ခြင်း၊ မတော်တဆ ထိခိုက်မှုဖြစ် ခြင်း၊ ပြဿနာကြီးငယ်အသွယ်သွယ်ကြုံ တွေ့ရတတ်ခြင်းစသည့် မကောင်းသော ဆိုးကျိုးတစ်ခုခု ကြုံတွေ့ရလိမ့်မည်။ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ဓနုလဂ် များ၊ မေထုန်လဂ်၊ ကန်လဂ်နှင့် ကုမ်လဂ် များသည် ရန်ဂြိုဟ်များ ပူးယှဉ်နေပါက ဤအချိန် ဤအခါတွင် အန္တရာယ်များ ကျရောက်တတ်သဖြင့် သတိထားရမည့် အချိန်ဖြစ်သည်။

ထိုအချိန်တွင် မြန်မာနိုင်ငံ၏ ဘာ သာရေးဂြိုဟ်ဖြစ်သော ကြာသပတေး ဂြိုဟ်သည် ရန်ဂြိုဟ်များနှင့်ယှဉ်တွဲ၍ သွားနှုန်းဖောက်ပြန်နေသဖြင့် ဘာသာ ရေးနှင့်ပတ်သက်သော ပေါက်ကွဲမှုများ၊ အရေးအခင်းများ၊ ဘာသာရေးနှင့်ဆိုင် သော ပြဿနာများသည် မထင်မှတ်ဘဲ ရုတ်တရက်ဖြစ်ပေါ်လာတတ်သည်။

အရေးကြီးသော နေ့ရက်များမှာ (၄)ဂဏန်း (၈)ဂဏန်းရောက်သည့် နေ့ ရက်များသည် အထူးအရေးကြီးသည့် နေ့ ရက်များဖြစ်သည်။ အထူးသဖြင့် ဒီဇင်ဘာ (၂၂)၊ ရက်၊ (၂၆)ရက်၊ (၃၁)ရက်နှင့် ဇန်န၀ါရီလ (၄)ရက်၊ (၈)ရက်များသည် မကောင်း သောဆိုးကျိုးများ သိသိသာသာ ပြင်း ပြင်းထန်ထန် ဖြစ်ပေါ်စေတတ်သည်။ ဖြစ်ပေါ်လာခဲ့သည်ရှိသော် ကြိုတင်သိရှိ ထားခြင်းဖြင့် စုပေါင်းကာကွယ် ဖြေရှင်း နိုင်စေရန် ရည်ရွယ်၍ တင်ပြခြင်းဖြစ်ပါ သည်။ ယခုကဲ့သို့ ဂြိုဟ်များသွားနှုန်း ဖောက်ပြန်ပုံကို ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးကြီးဖြစ်ခဲ့ဖူးသည့် သာဓက များ အထင်အရှားရှိခဲ့ဖူးပါသည်။

လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေး ဦးတည်ချက်သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးလမ်းကြောင်း ပေါ်မှာ ပြင်းပြင်းထန်ထန် လှုပ်ရှား ဆောင်ရွက်နေကြောင်း တွေ့ရှိရပေ သည်။ အထူးသဖြင့်NLDပါတီသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကြားကာမတ္တကြားဖူးကြကုန်သော ပြည် သူလူထုကြီး ထဲထဲဝင်ဝင် သိရှိစေခြင်း အကျိုးငှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေရှင်းလင်းပွဲများနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အသစ်ရေးဆွဲရေးတို့ကို ပြည်သူလူထု ဆန္ဒကောက်ယူပွဲများကိုပါ မြို့နယ် အသီး သီးနေရာအနှံ့အပြား လုပ်ဆောင်လျက် ရှိပါသည်။

ယင်းကဲ့သို့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တော့မည်ဆို လျှင် မြန်မာနိုင်ငံဒီမိုကရေစီအသွင်ကူး ပြောင်းလာခဲ့ပုံကို တစေ့တစောင်း ပြန် ပြောင်းကြည့်ဖို့ လိုအပ်လာမည်ဟု ယူဆ မိပါသည်။ နိုင်ငံတော်အာဏာကို ပြင်း ပြင်းထန်ထန် ဆုပ်ကိုင်ထားသော ဗိုလ် ချုပ်မှူးကြီးသန်းရွှေသည် နိုင်ငံတော်က အာဏာကို သွေးတစ်ပေါက်မှမကျစေဘဲ ရွေးကောက်ပွဲများပြုလုပ်၍ အေးချမ်း သာယာစွာ လွှဲအပ်ပေးသောအခါ နိုင်ငံ တကာ အသိုင်းအ၀ိုင်းက ကောင်းချီးသြဘာပေးခဲ့ကြ သည်။ မြန်မာ ဒီမိုကရေစီပုံသဏ္ဌာန် သည် ပိတ်ထား သော ချိပ်ကိုဖြုတ်ပြီး ဖွင့်ပြီးဖြစ်သော်လည်း တံခါးရွက်များ သည်ကား စေ့ထားဆဲဖြစ်သဖြင့် လက်ရှိ ကျင်လည် လှုပ်ရှားနေသော မြန်မာ့ဒီမို ကရေစီသည်ရင့်ကျက်တည်ငြိမ်နေသော ဒီမိုကရေစီနိုင်ငံကြီးများ၏ ဒီမိုကရေစီစံ နှုန်းများနှင့် နှိုင်းယှဉ်၍လည်းကောင်း၊ တိုင်းတာ၍လည်းကောင်း ရနိုင်ကောင်း သော အချိန်အခါမဟုတ်သေးပါ။

အာဏာရှင်စနစ် အငွေ့အသက် များနှင့် မွှမ်းထုံနေသော လက်ရှိမြန်မာ ဒီမိုကရေစီသည် သည်လမ်းကို သည် ပန်းပန်၊ ဒီခရီးကို ဒီထီးဆောင်း၊ သည် ကွေ့ကို သည်တက်နှင့် လှော်ခတ်နေရ သည့်အချိန်ကာလဖြစ်သည်။ ဤသို့ ရုန်း ကန်လှုပ်ရှားနေရသော အကျပ်အတည်း ကာလမျိုးတွင် ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့ဖူးသော ““ကျားရှေ့ရောက်နေတဲ့ အချိန်၊ တစ်ယောက်နှင့်တစ်ယောက် စိတ်ကောက်နေလို့မဖြစ်ဘူး။ အားလုံး ညီညီညွတ်ညွတ်နဲ့ ၀ိုင်းတိုက်နိုင်မှ၊ လွတ် လပ်ရေးဆိုတာရမှာဖြစ်တယ်””ဟူသော ဗိုလ်ချုပ်ထုံးကို နှလုံးမူဖို့အချိန် ရောက်ရှိ နေပါသည်။

ဤသို့ဆိုလျှင် အဖာတစ်ရာ၊ အကွဲ တစ်ရာနှင့် လှော်ခတ်နေရသော ပြည် ထောင်စုလှေကြီးပေါ်တွင် လိုက်ပါလာ ကြကုန်သော သမ္မတကြီးနှင့် အစိုးရအဖွဲ့ ၀င်များ၊ ကာကွယ်ရေးဦးစီးချုပ်နှင့် တပ် မတော်သားများ၊ လွှတ်တော်ဥက်္ကဋ္ဌကြီး များနှင့် လွှတ်တော်ကိုယ်စားလှယ်တော် ကြီးများ၊ နိုင်ငံရေးပါတီအသီးသီးမှ ပုဂ္ဂိုလ် ကြီးများ၊ တိုင်းရင်းသားအဖွဲ့အစည်း အသီးသီးမှ ခေါင်းဆောင်ကြီးများသည် ထိပ်တိုက်ရင်ဆိုင်မှုများ၊ သဘောကွဲလွဲမှု များ ဖယ်ရှားကြ၍ အဖာတစ်ရာ အကွဲ တစ်ရာ ပြည်ထောင်စုလှေကြီး တိမ်း မသွားအောင်၊ မှောက်မသွားအောင်၊ နောက်ကြောင်းပြန်လှည့်မသွားအောင်၊ တစ်ဖက်နှင့်တစ်ဖက် အတတ်နိုင်ဆုံး ဖြေ လျှော့ကြကာ၊ ဥမကွဲသိုက်မပျက်၊ စည်း စည်းလုံးလုံး ညီညီညွတ်ညွတ် ပျော်ပျော် ပါးပါး လှော်ခတ်သွားကြမည်ဆိုလျှင် ဒီမို စံချိန်စံနှုန်းများ ကိုက်ညီသော ဒီမိုကရေစီ ပန်းတိုင်ကြီးဆီသို့ မလွှဲဧကန်ရောက်ရှိ နိုင်ပေလိမ့်မည်။

ဆရာတိုး(စမ်းချောင်း)
Read more →

ပြည်တွင်းနည်းပညာတက္ကသိုလ်များတွ င် ပြည်ပတက္ကသိုလ်များနှင့် ချိတ်ဆက်ကာ Joint Degree ရရှိအောင် ဆောင်ရွက်မည်

,

===================================
ချိုကို|အင်္ဂါနေ့၊ နိုဝင်ဘာလ ၁၂၊ ၂၀၁၃ ခုနှစ်

သိပံ္ပနှင့်နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ နည်းပညာတက္ကသိုလ်များတွင် ပြည်ပတက္ကသိုလ်များနှင့် ချိတ်ဆက်ကာ Joint Degree ရရှိအောင် ဆောင်ရွက်ပေးမည့် ပညာရေးစနစ်ကို အကောင်အထည် ဖော်ရန် စီစဉ်နေကြောင်း သိပံ္ပနှင့်နည်းပညာဝန်ကြီးဌာနစက်မှုနှင့် သက်မွေးပညာဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဝင်းက မဇ္ဈိမကို ပြောကြားသည်။

ယင်းစနစ်ကို သင်ကြားရာတွင် နည်းပညာတက္ကသိုလ်များတွင် တက်ရောက်သင်ကြားနေသော ကျောင်း သား၊ ကျောင်းသူများအနေဖြင့် တက်ရောက်စဉ် ပညာသင်နှစ်အတွင်းမှာပင် နို်င်ငံခြားရှိ နည်းပညာ တက္ကသိုလ်များ၏ သင်ရိုးများကိုပါ ဖြေကြားကာ Joint Degree ဘွဲ့များရရှိနိုင်ရန် စီစဉ်နေခြင်းဖြစ်သည် ဟု ၎င်းက ပြောကြားခြင်းဖြစ်သည်။

ဦးဇော်ဝင်းက “အာဆီယံနိုင်ငံက နည်းပညာတက္ကသိုလ်တွေနဲ့ ပြည်တွင်းနည်းပညာတက္ကသိုလ်က တာ ၀န်ရှိသူတွေ အောက်တိုဘာလကုန်လောက်က ပညာရေးဆွေးနွေးပွဲတစ်ခုလုပ်ခဲ့တယ်။ ဆွေးနွေးတဲ့ အထဲမှာ အာဆီယံတက္ကသိုလ်တွေကဘွဲ့ကို ပြည်တွင်းတက္ကသိုလ်က ကျောင်းသားတွေပါ ဖြေဆိုပြီး ရယူနိုင်မယ့် Joint Degree ဘွဲ့စနစ်ကို အကောင်အထည်ဖော်လုပ်သွားဖို့တော့ ရည်မှန်းထားတယ်”ဟု မဇ္ဈိမကို ပြောသည်။

ဖက်စပ်ဘွဲ့စနစ်ဖြစ်သည် joint Degree ကို အကောင်အထည်ဖော်ရန်မှာလည်း အချိန်ကာလအားဖြင့် အနည်းငယ်ကြာမြင့်နိုင်သေးကြောင်းလည်း ၎င်းကဆိုသည်။

ဆက်လက်၍ ဦးဇော်ဝင်းက “joint Degree စနစ် အကောင်အထည်ဖော်ဖို့ဆိုတာ နိုင်ငံခြားတက္ကသိုလ် က ပညာရေးစနစ်နဲ့ ပြည်တွင်းနည်းပညာတက္ကသိုလ်က ပညာရေးစနစ်က တန်းတူဖြစ်ဖို့လိုတယ်။ ဒါကြောင့် မြန်မာနိုင်ငံနည်းပညာတက္ကသိုလ်က ပညာရေးစနစ်ကို အရင်ဆုံးအဆင့်မြှင့်တင်ပြီး သူတို့ ပညာရေးစနစ်နဲ့ တန်းတူဖြစ်မှ ဒီပညာရေးစနစ်ကို အကောင်အထည်ဖော်နိုင်မှာပါ။ ဒါကြောင့် အချိန်ကာ လက အနည်းငယ်ကြာမြင့်နိုင်ဦးမယ်”ဟု ဆိုသည်။

ထိုသို့ joint Degree ပညာရေးစနစ်မှာ ကောင်းမွန်သော်လည်း မြန်မာနိုင်ငံအနေဖြင့် အဆိုပါစနစ် အကောင်အထည်ဖော်ရန်မှာ လက်တလောတွင် ခက်ခဲသည့်အခြေအနေဖြစ်ပြီး ဖြစ်နိုင်ခြေမရှိသေး ကြောင်း၊ သို့သော် နောက်ပိုင်းတွင် ပညာရေးအဆင့်မြှင့်တင်ကာ လုပ်ဆောင်သွားပါက ဖြစ်နိုင်သည်ဟု လည်း ရန်ကုန်အဆင့်မြင့်နည်းပညာတက္ကသိုလ် မြို့ပြအင်ဂျင်နီယာဌာနမှ ဆရာတစ်ဦးဖြစ်သူ ဒေါက် တာဉဏ်မြင့်ကျော်က သုံးသပ်ပြောကြားသည်။

၎င်းက “joint Degree ပညာရေးကတော့ ဒီကတက္ကသိုလ်မှာ ကျောင်းတက်နေတဲ့ကျောင်းသားက နိုင်ငံခြားတက္ကသိုလ် မှ ဆရာကသင်ကြားတဲ့သင်ခန်းစာကို အွန်လိုင်းကနေလေ့လာပြီး စာမေးပွဲ ၀င် ဖြေနိုင်တယ်။ တကယ်လို့ အောင်တယ်ဆိုရင် အဲဒီတက္ကသိုလ်ကပေးတဲ့Joint Degree ဘွဲ့ကိုလည်း ရတယ်။ ဒီကကျောင်းမှာ စာမေးပွဲအောင်ရင်လည်း ဒီကအင်ဂျင်နီယာဘွဲ့တစ်ခုလည်းရတယ်။ ဘွဲ့နှစ် ခုကို တစ်ပြိုင်တည်းရနိုင်တာပေါ့”ဟု ပြောသည်။
Mizzima news
Read more →

မန္တလေး စန္ဒာမင်းကုန်တင်မော်တော်မီးလောင် လူရှစ်ဦးဒဏ်ရာရ

,

ဧရာဝတီမြစ်ကမ်းနားဘေး မန္တလေးမြို့ရှိ မရမ်းခြံဆိပ်ကမ်းတွင်ဆိုက်ကပ်ထားသော မန္တလေး-ထီးချိုင့် ပြေးဆွဲနေသည့် စန္ဒာမင်းကုန်တင်မော်တော်တစ်စင်း၏ စက်ခန်းအတွင်း အင်ဂျင်စက်နှိုးရာမှ မီးထပွင့်ပြီး ယနေ့မွန်းလွဲ ၁၂နာရီ ၁၅မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ လူရှစ်ဦးဒဏ်ရာရရှိသွားသည်။
အဆိုပါမီးလောင်မှုကြောင့် မော်တော်ပိုင်ရှင် ဒေါ်တင်ဆွေမြင့်အပါအဝင် လူရှစ်ဦး မီးလောင်ခံရပြီး ကာလတန်ဖိုး ၁၁၂ သိန်းဆုံးရှုံးခဲ့ကာ မီးလောင်ခံရသူ ရှစ်ဦးမှာ မန္တလေး ပြည်သူ့ဆေးရုံတွင် အရေးပေါ်ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
''မီးလောင်မှုမှာ မီးသတ်အင်အားများပေမယ့် မီးငြှိမ်းတဲ့နေရာမှာ အကျိုးသက်ရောက်မှု သိပ်မရှိဘူး။ မီးသတ်သမားတွေ အရမ်းပင်ပန်းတယ်။ တကယ်လို့သာ မီးသတ်ရေယာဉ်ရှိမယ် ဆိုရင် အကျိုးသက်ရောက်မှုပိုရှိနိုင်မယ်။ မီးသတ်ကားတွေ အများကြီးသုံးရတယ်။ ဧရာဝတီ မြစ်ထဲမှာမီးလောင်နေတာကို အချိန်တစ်နာရီကျော်လောက်ကြာအောင် ငြှိမ်းနေရတယ်''ဟု မရမ်းခြံဆိပ်ကမ်းနေ ပြည်သူတစ်ဦးကပြောသည်။
မီးလောင်မှုကြောင့် စက်မောင်းဦးကျော်မောင်အား ပုဒ်မ၅၉၄/၃၃၇/၃၃၈/၃ဝ၄(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
Read more →

ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ရှေ့ရှုကြရန် အမေရိကန်သံအမတ် အကြံပြု

,

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများ ထပ်မံမဖြစ်ပွားရန် ညှိနှိုင်း ဆောင်ရွက်သင့်ပြီး ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ရှေ့ရှုလုပ်ဆောင်ရန် ရခိုင်ပြည်နယ်အစိုးရသို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်က တိုက်တွန်းလိုက်သည်။
ရခိုင်ပြည်နယ်သို့ နိုဝင်ဘာ ၁၁ ရက်က သွားရောက်ခဲ့ပြီး ပြည်နယ်အစိုးရနှင့် စစ်တွေမြို့၊ စစ်တွေဟိုတယ်တွင် တွေ့ဆုံစဉ် အမေရိကန်သံအမတ်က တိုက်တွန်းသွားခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က နိုဝင်ဘာ ၁၂ ရက်တွင် မဇ္ဈိမကို ပြောသည်။
“ရှေ့ဆက်ပြီး ပဋိပက္ခတွေထက် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားပြီးညှိနှိုင်းဖို့ပဲ အလေး ထား ပြောကြားသွားပါတယ်။ ဒေသခံတွေကလည်း သူတို့လိုအပ်ချက်ရှိတဲ့ အချက်တွေကို အမေရိကန်သံအမတ် နားလည်အောင် အပြန်အလှန် ဆွေးနွေးကြပါတယ်”ဟု ပြောသည်။
ထို့အပြင် ရခိုင်နှင့် ဘင်္ဂါလီ နှစ်ဖက် လူ့အဖွဲ့အစည်း ယှဉ်တွဲနေထိုင်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးမှု များ ပြုလုပ်ရန်လည်း သံအမတ်ကြီးက တိုက်တွန်းခဲ့သည်ဟု တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် စစ်တွေ မြို့မိမြို့ဖ ဦးသန်းထွန်းက မဇ္ဈိမကို ပြောသည်။
“ပဋိပက္ခနဲ့ပတ်သက်ရင် ဘင်္ဂါလီတွေက ပိုပြီး နစ်နာတယ်လို့ နိုင်ငံတကာက ရှုမြင်နေတယ်။ ဘင်္ဂါလီတွေ နဲ့ ရခိုင်တွေ ယှဉ်တွဲနေထိုင်ရေးအတွက် နှစ်ဖက်အဖွဲ့အစည်းက ခေါင်းဆောင်တွေ ထိပ်တိုက် ဆွေးနွေး သင့်တယ်လို့ သူက ပြောသွားပါတယ်”ဟု ပြောသည်။
တွေ့ဆုံပွဲသို့ အမေရိကန်သံအမတ်ဒဲရစ်မစ်ချယ်၊ ဆွစ်ဇာလန်သံအမတ်၊ ဗြိတိန်သံရုံးအရာရှိ၊ နယ်စပ်ရေး ရာဝန်ကြီးဌာန၀န်ကြီး ဒုဗိုလ်ချုပ်ကြီးသက်နိုင်ဝင်း၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီတို့နှင့် စစ်တွေ မြို့ မိမြို့ဖများ၊ စစ်တွေ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့သည်။
ရခိုင်ပြည်နယ်တွင် လူမျိုးစု နှစ်စုကြား ပဋိပက္ခများသည် ၂၀၁၁ ခုနှစ် ဇွန်လအတွင်းက ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာတွင် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရမှုမှ စတင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့ သည့် ၂၀၁၂ ခုနှစ်နှင့် ယခုနှစ်အတွင်းလည်း ပဋိပက္ခများ ဖြစ်ပေါ်ခဲ့သည်။ ပဋိပက္ခများကြောင့် ရခိုင်ပြည် နယ်တွင် ဒုက္ခသည် တစ်သိန်းကျော်ရှိလာပြီး ဘင်္ဂါလီဒုက္ခသည် ၈၀,၀၀၀ ကျော်နှင့် ရခိုင်ဒုက္ခသည် ၃၀, ၀၀၀ ကျော် ရှိနေသည်။
အလားတူပင် ၂၀၁၃ ခုနှစ် စက်တင်ဘာလကုန်ပိုင်းက ဖြစ်ပွားခဲ့သော သံတွဲပဋိပက္ခများကြောင့်လည်း အိုးအိမ်မဲ့ဒုက္ခသည် ၅၀၀ ကျော် ထပ်မံရှိလာသည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ထုတ်ပြန်သည့် စာရင်းများတွင် ဖေါ်ပြထားသည်။
Read more →

နိုင်ငံရေးဩဇာရှိသူ ရုရှားသူဌေးကြီးပိုလန်စကီး ကမ္ဘောဒီးယားတွင်ဖမ်းမိ

,


[ Ref: Cambodia Daily ACSP ၊ ဖနွမ်းပင် ၊ နိုဝင်ဘာ ၁၂ ]

နိုင်ငံ ရေးဩဇာအာဏာရှိပြီး ချမ်းသာ ကြွယ်ဝသည့် ရုရှားလူမျိုး ဆာဂီ ပိုလန်စကီးအား တနင်္လာနေ့က ကမ္ဘောဒီးယားနိုင်ငံရှိုသျွ့သညါ အပန်းဖြေစခန်း တောတွင်းတစ် နေရာတွင် ကမ္ဘောဒီးယားရဲများက မ်းဆီးလိုက်ကြောင်း သိရသည်။

အသက်၄၁နှစ်အရွယ်ရှိ စီး ပွားရေးသမား ပိုလန်စကီး ဖမ်း ဆီးမှုအတွက် ရုရှားအာဏာပိုင် များထံ အကြောင်းမကြားသေး သော်လည်း ဖြစ်နိုင်သမျှ မြန်မြန် ၎င်းအား ရုရှားနိုင်ငံသို့ လွှဲအပ် မည်ဟု ယခုအမျိုးသားရဲပြောခွင့် ရ ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးက ထုတ်ဖော်ပြောခဲ့သည်။

မစ္စတာပိုလန်စကီးအား ရင်း နှီးမြှုပ်နှံသူ ၈ဝတို့၏ ဒေါ်လာ ၁၇၆သန်း အလွဲသုံးစားလုပ်ထား မှုဖြင့် ဇူလိုင်အတွင်းကမျက်ကွယ် တွင် စွဲချက်တင်ခဲ့ပြီး ပြီးခဲ့သော အပတ်က နိုင်ငံတကာရဲတပ်ဖွဲ့အင် တာပိုတွင် အလိုရှိဆုံး ရာဇဝတ် ကောင်အဖြစ် အမည်ထည့်သွင်း ခံရသည်။

Kutuzovskaya Mile အ မည်ရှိ စီမံကိန်းမပြီးပြတ်သေးဘဲ ကမ္ဘောဒီးယားလှေသမား ခြောက် ဦးကို လက်ရောက်မှုဖြင့် ၎င်းသည် ယခုနှစ်စောစောပိုင်းက ထောင် သုံးလကျခံခဲ့ရသည်။ မပြီးပြတ် သေးသောစီမံကိန်းကို ဆက်လက် လုပ်ဆောင်သွားပြီး ရှယ်ယာရှင် ၈ဝအား ဒေါ်လာ၁၂၀၀၀ဝစီလျော် ကြေးပေးသွားမည်ဟု မစ္စတာပို လန်စကီး၏ ကမ္ဘောဒီးယားအခြေ စိုက်နည်းပညာကုမ္ပဏီPolonium မှ မန်နေဂျာဖြစ်သူ Hagai Pipko က ထုတ်ဖော်ပြောကြား ခဲ့သည်။
Read more →

နောက်ရွေးမည့်သမ္မတ အသက် ၄၀ ထက် မကြီးရန် မြို့ကြီး ရှစ်မြို့ရှိ လူထု ဆန္ဒရှိနေဟုဆို

,
၂၀၁၅ ရွေးကောက်ပွဲက ရွေးချယ်တင်မြှောက်မည့် သမ္မတ၏အသက် ၄၀ နှစ်အောက်ဖြစ်ရန် နေပြည် တော်အပါအ၀င် မြို့ကြီးရှစ်မြို့ရှိ ဒေသခံများက ဆန္ဒရှိနေသည်ဟု မြန်မာနိုင်ငံ ရှေ့နေများအသင်း(MLA) မှ ရှေ့နေဦးကျော်စိုးဦးက နိုဝင်ဘာ ၁၂ ရက်တွင် ပြောဆိုသည်။

ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံအခြေခံ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ က အခြေခံဥပဒေနှင့်ပတ်သက်ပြီး အများပြည်သူနှင့် ဆွေးနွေးရန် ခွင့်ပြုခဲ့သည့်အတွက် မြန်မာနိုင်ငံ ရှေ့ နေများအသင်းနှင့် မြန်မာဥပဒေပြု အထောက်အကူပြုကွန်ရက်တို့က ဦးဆောင်ပြီး နိုဝင်ဘာ ၃ ရက်မှ စ တင်ကာ မြို့ကြီးရှစ်မြို့ရှိ ဒေသခံများနှင့် ဆွေးနွေးရာ မြို့အားလုံးက အထက်ပါအတိုင်း ဆန္ဒပြုသည်ဟု ၎င်းက ပြောသည်။

“သမ္မတရဲ့ အရည်အချင်းမှာ အသက်အရွယ်နဲ့ ပတ်သက်လို့ကတော့ တော်တော်များများပြောကြတယ်။ အထူးသဖြင့်ကတော့ ငယ်ငယ်ရွယ်ရွယ် လူငယ်တွေအတွက် လမ်းဖွင့်ပေးတဲ့အနေနဲ့ အသက် ၃၀ ပတ် ၀န်းကျင် ၃၀၊ ၃၅ လောက်ကို လျှော့ချထားသင့်ပါတယ်။ ၄၅ နှစ်ဆိုတော့ နိုင်ငံတကာ စံနှုန်းနဲ့ကြည့်မယ် ဆိုရင်လည်း အရမ်းမြင့်မားနေတယ်ပေါ့”ဟု ၎င်းက ပြောသည်။

လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉(ဂ)တွင် သမ္မတနှင့် ဒု-သမ္မတသည် “အနည်းဆုံး အသက် ၄၅ နှစ်ပြည့်ပြီးသူဖြစ်ရမည်”ဟု ပြဋ္ဌာန်းထားသည်။

မြန်မာရှေ့နေများအသင်း သွားရောက် ဆွေးနွေးခဲ့သည့် မြို့များတွင် နေပြည်တော်၊ မန္တလေး၊ ဘားအံ၊ မော်လမြိုင်၊ ပဲခူး၊ တောင်ကြီး၊ မိထ္တီလာနှင့် ရန်ကုန်များ ပါဝင်ပြီး ဒေသခံများအပါအ၀င် နိုင်ငံရေးပါတီများ နှင့် လူမှုရေးအဖွဲ့များလည်း လာရောက် ဆွေးနွေး အကြံပြုကြသည်ဟု ဦးကျော်စိုးဦးက ပြောသည်။

သို့သော် အဆိုပါအကြံပြုချက်များနှင့် ပတ်သက်ပြီး ဒေါက်တာအောင်ထွန်းသက်က “လူ့အခွင့်အရးမှာ လူတစ်ယောက်ရဲ့အခွင့်အရေးကို အဲ့ဒီ့လူရဲ့ အသက်နဲ့ ကျား၊ မနဲ့ မခွဲရဘူးလေ။ အဲဒီတော့ ငယ်မှ၊ ကြီးမှ ရယ် မဟုတ်ပါဘူး။ မစ္စတာနယ်ဆင်မင်ဒဲလားဆို အသက်တော်တော်ကြီးမှ သမ္မတဖြစ်သလို အိုဘားမား လည်း အသက်အငယ်ဆုံး သမ္မတ ဖြစ်ခဲ့တာပဲ။ အသက်အပိုင်းအခြားအနေနဲ့ မစဉ်းစားသင့်ဘူးလို့ ဆရာ တော့ ထင်တာပဲ။ တစ်ခုရှိတာက လူငယ်၊ လူကြီးဆိုတာထက်ကို တကယ်တမ်း နိုင်ငံကို ဦးဆောင်နိုင် မယ့်လူ လိုတာပဲလေ”ဟု သုံးသပ်သည်။

လက်ရှိတွင် ဆွေးနွေးထားသည့် အကြံပြုချက်ပေါင်း နှစ်ရာခန့်ရရှိထားပြီး မော်လမြိုင်၊ ပဲခူး၊ ဘားအံမှ ဒေ သခံများ၏ အကြံပြုချက်ပေါင်း ၇၀ ကိုလွှတ်တော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူး ပေါင်းကော်မတီသို့ တင်ပြထားပြီးဖြစ်ကာ အကြံပြုချက်အားလုံးကို လာမည့်ဒီဇင်ဘာလကုန်တွင် နောက် ဆုံးထားပြီး ယင်းကော်မတီသို့ တင်ပြမည်ဟုလည်း မြန်မာဥပဒေအထောက်အကူပြုကွန်ရက်မှ ဦးဆောင် သူ တရားလွှတ်တော်ရှေ့နေ ဦးကျော်မင်းစံက ပြောသည်။

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းတို့က လာမည့် ၂၀၁၅ တွင် သမ္မတဖြစ်လိုကြောင်း ပြောဆိုထားသည်။

မင်းမင်း| ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၁၃ ရက်၊ ၂၀၁၃ ခုနှစ်
Mizzima - News in Burmese
Read more →